ပွင့်လင်းရာသီ ရောက်လာပြီဖြစ်၍ ရခိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်သတိထားရန်လို

By Narinjara / 2023 October     16

ဓာတ်ပုံ – စစ်တွေတွင်ဖြစ်ပွားခဲ့သည့် မီးလောင်မှုတစ်ခု။

ယခုအခါ ပွင့်လင်းရာသီကို ရောက်လာပြီဖြစ်သည့်အတွက် ရခိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်သတိထားကြရန် ပြည်နယ် မီးသတ်ဦးစီးဌာနနှင့် လူမှုရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုကြသည်။

ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်က မြောက်ဦးမြို့တွင် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားရအောင် မြို့နယ်မီးသတ်တပ်ဖွဲ့က လှည့်လည် အသိပေးမှုများပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်ကလည်း ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် မီးလောင်၊ မီးလန့်မှုမဖြစ်စေရေး မြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတိပေးမှုများ ပြုလုပ်ခဲ့သည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့ ရပ်ကွက်တိုင်း၊ ရွာတိုင်းတွင် အဆင်သင့် စုဖွဲ့လုပ်ဆောင်ထားသင့်သည်ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။

“မီးလောင်မှုကို ကြိုတင်ကာကွယ်ဖို့အတွက်ဆိုရင် သဲအိတ်တို့၊ ရေအိတ်တို့ မီးသတ်ကိရိယာတွေ အိမ်တိုင်းမှာ အမှန်တကယ် ပြင်ထားဖို့လိုတယ်။ ဟန်ပြလုပ်ထားလို့ မရဘူး။ ပြီးတော့ ကိုကိုယ်တိုင်ကလည်း မီးကို သတိရှိရှိ ကိုင်တွယ်အသုံးပြုကြဖို့လိုတယ်။ မီးလောင်တယ်ဆိုတာက သိပ်အန္တရာယ်များတာကိုး။ တစ်ရွာလုံး၊ တစ်ရပ်ကွက်လုံး ပါသွားနိုင်တယ်လေ။ ရပ်ကွက်တွေ၊ ရွာတွေမှာ လူငယ်တွေကို သင်တန်းပေးပြီး အရေးပေါ် မီးအန္တရာယ်ကာကွယ်ဖို့ စုစည်းထားနိုင်ရင်တော့ အကောင်းဆုံးပေါ့”ဟု ပြောသည်။

အလားတူ စက်တင်ဘာ ၂၇ ရက်ကလည်း စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ “ရွှေပျိုးခင်း” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်း ဦးဆောင်သည့်အဖွဲ့က သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ် အသိပေးဟောပြောမှုနှင့် လက်တွေ့သရုပ်ပြမှုများကို ပြုလုပ်ပြသခဲ့ကြသည်။

မြောက်ဦးမြို့နယ်၊ အိုးထိန်းရွာတွင် အောက်တိုဘာလ ၈ ရက်နေ့က နေအိမ်တစ်ဆောင် မီးလောင်ကျွမ်းခဲ့သလို မောင်တောမြို့နယ်၊ ကင်းချောင်းရွာတွင်လည်း အောက်တိုဘာလ ၁ ရက်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သည့်အတွက် စျေးဆိုင်တစ်ဆိုင် မီးထဲပါသွားကြောင်း သိရသည်။

မီးဘေးအန္တရာယ် ကာကွယ်ရန် မီးသတ်တပ်ဖွဲ့က ကြိုတင်ပြင်ဆင်မှုများလုပ်ရန် လိုအပ်ပြီး ပြည်သူများအနေဖြင့်လည်း ပြင်ဆင်မှုများလုပ်သင့်သည်ဟု စစ်တွေမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးကလည်း ပြောသည်။

“အဓိကတော့ မီးလောင်မှုတွေ မဖြစ်ပွားရအောင် မီးသတ်တပ်ဖွဲ့က အစီအစဉ်တွေဆွဲပြီး ပြည်သူတွေကို ကြိုတင်အသိ ပေးတာတွေ လုပ်ဖို့လိုတယ်။ ပြည်သူတွေဘက်ကလည်း အိမ်တိုင်းမှာ ဝါးကတ်တွေ၊ ရေပုံးတွေ အဆင်သင့် ပြင်ဆင်ထားဖို့လိုတယ်”ဟု ပြောသည်။

ယခုနှစ် ဇန်နဝါရီလမှ မတ်လ(၃၁) ရက်အထိ ရခိုင်ပြည်တွင် မီးလောင်မှုစုစုပေါင်း (၃၃) အကြိမ် ဖြစ်ပွားခဲ့သည့်အတွက် လူနေအိမ် (၄၀)ကျော်နှင့် ဆိုင်ခန်းတချို့ မီးလောင်ဆုံးရှုံးခဲ့ရပြီး ရဟန်းတော်တစ်ပါး အပါအဝင် လူ (၃) ဦးမှာလည်း သေဆုံးခဲ့ရသည်။

ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါမီးလောင်မှု (၂၇)ကြိမ်တွင် ပေါ့ဆမီးကြောင့် (၇) ကြိမ်၊ မီးဖိုမီးမှ ကူးစက်မှုကြောင့် (၁၃) ကြိမ်၊ လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ (၅) ကြိမ်နှင့် ရှို့မီး (၂) ဖြစ်ပြီး မီးလောင်မှုများကြောင့် ကာလ တန်ဖိုး ကျပ်ငွေသန်း (၁၇၄၈၃) ဖိုး ဆုံးရှုံးခဲ့ရသည်ဟု ပြည်နယ် မီးသတ်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်က ရခိုင်ပြည်တစ်ခုလုံးအတိုင်းအတာနှင့် မီးလောင်မှု (၇၃) ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုများမှာ ပေါ့ဆမီးကြောင့် (၁၇) ကြိမ်၊ မီးဖိုမှတဆင့် လောင်ကျွမ်းမှု (၂၈)ကြိမ်၊ လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ (၂၀) ကြိမ်နှင့် ရှို့မီး (၇) ကြိမ်တို့ ပါဝင်ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရှိရသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ၆ လအတွင်း မီးလောင်မှုစုစုပေါင်း (၉၄၂) ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း (၅၄) ဦး သေဆုံးကာ (၁၂၅) ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။ (NN-14)

https://www.facebook.com/narinjara.info/posts/723512733149192

Leave a Reply

Your email address will not be published.