By Narinjara / 2023 October 17

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် လေဖြန်းနေသည့်အမျိုးသမီးကို အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံထားရသည့် အမျိုးသားတစ်ဦးကို ရက္ခိင့်တပ်တော် (AA) ဖမ်းဆီးလိုက်သည်ဟု သိရသည်။
ဖမ်းဆီးခံရသူမှာ ပေါက်တောမြို့နယ်၊ ဖဒူအလယ်ကျေးရွာမှ အင်္ဂရားချိုင်ကျွန်း ကျောက်မြောင်းကျေးရွာအုပ်စုရှိ ငရီချိုင်ကျေးရွာတွင် အလုပ်လာရောက်လုပ်နေသူ အသက် ၃၅ နှစ်အရွယ် ဦးညွန့်တင်မောင်ဖြစ်ကြောင်း ကျေးရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
၎င်းသည် လေဖြန်းနေသည့် အသက် ၂၈ နှစ်အရွယ်ရှိ ကလေး ၃ ဦး၏မိခင်အား သူမနေအိမ်အတွင်း အိမ်သားများ အိပ်နေစဉ် အောက်တိုဘာလ ၁၄ ရက်၊ ညတွင်လာရောက်ကျူးလွန်ခဲ့ခြင်းဖြစ်ဟု သိရှိရကြောင်း ၎င်းက ပြောဆိုသည်။
“ကျူးလွန်ခံရတာမှန်တယ်။ သူက လေဖြန်းပြီး အိပ်ရာထဲလဲနေတဲ့အမျိုးသမီးပါ။ သားသမီးလည်း ရှိတယ်။ သူမရဲ့ အမျိုးသားက နောက်အိမ်ထောင်နဲ့ ကျောက်ဖြူဘက်မှာနေတယ်လို့ သိရပါတယ်”ဟု ပြောသည်။
ယင်းနေ့က ကျူးလွန်ခံခဲ့ရသည်ကို အိမ်နီးနားချင်းတစ်ဦးကမြင်တွေ့သိရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကျူးလွန်သူကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၁၂ ရက်ကလည်း ပေါက်တောမြို့နယ်၊ တောင်ပုက္ကေကျေးရွာတွင်လည်း လေဖြန်းပြီး စိတ်မနှံ့ဖြစ်နေသည့် အိမ်ထောင်မရှိသူ အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
သူမကို ယင်းနေ့ ည ၈ နာရီတွင် တစ်ရွာတည်းနေ အသက် ၄၄ နှစ်အရွယ် ဦးသန်းဝင်းဆိုသူက အိမ်သားများအိပ်နေစဉ် အိမ်ပေါ်တက်ပြီး ကျူးလွန်ခဲ့ခြင်းဖြစ်သည်ကို အိမ်နီးချင်းတစ်ဦးက တွေ့မြင်လိုက်ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။
သို့သော် ယင်းဖြစ်စဥ်တွင် အဓမ္မမှု မြောက်/မမြောက်ကို ကျူးလွန်သည်ဟုစွပ်စွဲခံထားရသူကို ULA/AA က ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။
အဆိုပါအမျိုးသမီးတွင်လည်း သားသမီး ၂ ဦးရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်ကလည်း ပေါက်တောမြို့နယ်၊ သရက်ကျေးရွာတွင် ဆော့ကစားနေသည့် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အိမ်နီးချင်းဖြစ်သူက အဓမ္မပြုကျင့်ခဲ့မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
အလားတူ ယခုနောက်ပိုင်း မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များတွင်လည်း အဓမ္မမှုအချို့ ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ULA/AA က ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
ရခိုင်တွင် ယခုကဲ့သို့ အဓမ္မကျူးလွန်သူများကို ပြည်သူတစ်ရပ်လုံးရှေ့တွင် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်ပေးရန် ပြည်သူများက တောင်းဆိုနေကြသည်။ (NN-11)
https://www.facebook.com/narinjara.info/posts/724059699761162