ပုဏ္ဏားကျွန်း သာစည်ရွာတွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

By Narinjara / 2023 October     31

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာတွင် ဓားခုတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။

သေဆုံးသွားသူမှာ ဦးမောင်သိန်းမြင့် (၅၁) နှစ်ဖြစ်သည်။

သူသည် ယမန်နေ့ အောက်တိုဘာ ၃၀ ရက်၊ ည ၈ နာရီအချိန် အငယ်ဆုံးသား ၅ နှစ်အရွယ် ကလေးငယ်နှင့် မီးပုံးတင်ပွဲကိုကြည့်နေစဥ် တစ်ရွာတည်းသားများ ဖြစ်ကြသည့် ထွန်းကျော်မောင်နှင့် ဘိုနိုင်စိုးတို့က ဓားဖြင့် ဝင်ခုတ်ခဲ့ခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက “အရင်တုန်းကတော့ သူတို့ချင်း စကားများပြီး ပြဿနာ ဖြစ်ဖူးတာတော့ ရှိတယ်။ ကြာပါပြီ။ ငါးနှစ်၊ ခြောက်နှစ်တောင်ရှိသွားပြီ။ လူကြီးမိဘတွေနဲ့ ရှင်းပြီးသွားပါပြီ။ အဲဒါကိုမကျေနပ်လို့ လာခုတ်တာထင်တယ်”ဟု ပြောသည်။

ယင်းသို့ ဓားခုတ်ခံရ၍ ဦးမောင်သိန်းမြင့်တွင် ဦးခေါင်း ဘယ်ဘက်ခြမ်းနှင့် ညာဖက်လက်တို့၌ ဓားခုတ်ဒဏ်ရာပြင်းထန်မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

ဦးမောင်သိန်းမြင့်အလောင်းအား ယနေ့ နေ့လယ် ၂ နာရီခွဲတွင် ရွာသုသာန်၌ မြေမြှုပ်သဂြိုဟ်ခဲ့ကြောင်းလည်း သိရသည်။

သေဆုံးသူတွင် သားသမီးလေးဦးရှိပြီး ကွမ်းစိုက်ခင်းလုပ်ကာ လုပ်ကိုင် စားသောက်နေသူ ဖြစ်သည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူနှစ်ဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)က ဖမ်းဆီးထားကြောင်း သိရသည်။ (NN -10)

ယခုသတင်းအား အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်

https://www.facebook.com/narinjara.info/posts/732614285572370

Leave a Reply

Your email address will not be published.