By Western News / 2023 October 26
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းတစ်ခုဖြစ်သည့် ခမရ ၅၅၀ တပ်ရင်းမှ လက်နက်ကြီးစပ်းသပ်ပစ်ခတ်မှုတို့ပြုလုပ်မည်ဖြစ်ကြောင်း ကြားသိထားရသည်ဟု အနီးနားရှိ ဒေသခံများက ပြောသည်။
လက်နက်ကြီးစမ်းသပ်ပစ်ခတ်မှုကို နောက်နေ့ အောက်တိုဘာ ၂၇ ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ပြီး မည့်သည့် အတွက်ကြောင့် ပစ်ခတ်မှုပြုလုပ်မည်ကို မသိရှိရဟု ပဒေသာကျေးရွာ ဒေသခံတစ်ဦးကပြောသည်။
“ပထမတော့ ဒီနေ့ပစ်ခတ်မှုလုပ်မယ် ဆိုပြီးကြားတယ်။ ခုတော့ မနက်ဖြန်မှပဲတဲ့။ ဘာကြောင့်လုပ်မယ် ဆိုတာတော့ ဘယ်သိပါ့မလဲ။ သူတို့လုပ်တာတွေကို ပြောပြကြတာမှမဟုတ်တာ။ ခုတောင် အသိပေးတာမျိုး မဟုတ်ဘဲ ဒီအတိုင်းပဲသိထားကြရတာ” ဟုပြောသည်။
လက်နက်ကြီးပစ်ခတ်ကို အောက်တိုဘာ ၂၇ ရက် နံနက် ၆ နာရီမှ ညနေ ၆နာရီကြားတွင်ပြုလုပ်မည်ဖြစ်ပြီး ထိုသို့ပြုလုပ်မည်ကို ဒေသခံများအား အသိပေးလာမှုတစ်စုံတစ်ရာမရှိဘဲ အစိုးဌာနအကြီးကဲများကိုသာ အသိပေးသည်မှ တစ်ဆင့် ကြားသိကြရခြင်းဖြစ်သည်ဟု အနီးနားဒေသခံများက ဆိုသည်။
လက်နက်ကြီးပစ်ခတ်မည်ဆိုသည်မှာ မည်သည်ကိုဦးတည်၍ ပစ်ခတ်မည်ကိုလည်းမသိရ၍ စိုးရိမ်မှုများရှိနေပြီး ယခင်ကဲ့သို့ ကျေးရွာများအတွင်းလက်နက်ကြီး ကျရောက်လာမည်ကို ထိတ်လန့်နေကြရသည်ဟု ဆင်အင်းကြီး ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။
“ဘယ်ကိုဦးတည်ပြီး ပစ်မယ်ဆိုတာလည်းမသိရဘူး။ ကျနော်တို့မှာ က အကုန်ဆုံးရှုံးထားကြတာ။ လူတွေသေရတာနဲ့။ အိမ်တွေ မီးလောင်ရတာနဲ့။ အခုတစ်ခါ လက်နက်ကြီးသာ ကျလာရင်တော့ ဘာမှပြောစရာ လည်းမရှိတော့ဘူး” ဟုပြောသည်။
လက်ရှိ လက်နက်ကြီး ပစ်ခတ်မှုပြုလုပ်မည့် ခမရ ၅၅၀ တပ်ရင်းအနီးပတ်ဝန်းကျင်တွင် ပဒေသာ၊ ဆင်အင်းကြီး၊ တန်ခိုး၊ ရေဖြူကန်၊ ကျွဲထိုး၊ တန်ဘက်လှန်း၊ ကွန်းတောင် စသည့်ကျေးရွာများရှိထားပြီး အဆိုပါကျေးရွာမှ ဒေသခံများမှာ တိုက်ပွဲကာလအတွင်းကလည်း ခမရ ၅၅၀ တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှုတို့ ရှိခဲ့သည်။
ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသလို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုတို့ရှိခဲ့ပြီး လူနေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ကြသည်။
ရခိုင်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယ သီတင်းပတ်အတွင်းကလည်း မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ သင်တန်းကျောင်းတစ်ခုဖြစ်သည့် တိုင်းဗဟို(၉)မှလည်း လက်နက်ကြီး စမ်းသတ်ပစ်ခတ်မှုအား ၃၊ ၄ ရက်ကြာ ပြုလုပ်ခဲ့မှုရှိခဲ့သည်။
ထိုသို့ လက်နက်ကြီးစမ်းသတ်ပစ်ခတ်မှုအခြေနေများနှင့်ပတ်သက်၍ ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ယခုကဲ့သို့ပြောဆိုထားသည်။
“ပစ်ခတ်မှုတွေပြုလုပ်မယ်ဆိုရင် ပတ်ဝန်းကျင်ပြည်သူတွေကို အသိပေးသင့်တယ်။ မဟုတ်ရင် ပြည်သူတွေက ထိတ်လန့်ကြတယ်။ တိုက်ပွဲပြန်ဖြစ်မလားစိုးရိမ်ကြတယ်။ ULA နဲ့ကလည်း ခိုင်မာနဲ့ စာချုပ်နဲ့ အပစ်ရပ်ထားတာ မဟုတ်တော့ သူတို့ဖက်ကလည်း ကြိုတင်ပြင်ဆင်တာတွေရှိမှာပဲ။ ပြည်သူတွေမထိတ်လန့်ရအောင်ပဲ ပစ်ခတ်မှုလုပ်မယ့်အကြောင်းကို ကြိုတင်သတင်းပေးတာတွေလုပ်သင့်တယ်” ဟုပြောသည်။
နှစ်ဖက်လက်နက်ကိုင်များ အပစ်ရပ်ထားဆဲဖြစ်သည့် ရခိုင်ဖက်တွင် စစ်ကောင်စီဖက်မှ စစ်ရေးပြင်ဆင်မှုတို့ အမြဲလုပ်ဆောင်လျှက်ရှိပြီး ထိုအထဲတွင် ရိက္ခာနှင့် လူအင်အားတင်ပို့ခြင်း အပြင် လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုတို့လည်း ပါဝင်သည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/770423288430433