ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူ ၂ သန်းနီးပါးအတွက် အကူအညီများလိုအပ်နေဟု UN-OCHA ထုတ်ပြန်

By Narinjara / 2023 October     18

Photo – UN-OCHA Myanmar

မြန်မာနိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူ ၂ သန်းနီးပါးအတွက် အမိုးအကာ၊ ဆေးဝါးနှင့် ကျန်းမာရေးအကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (UN-OCHA)က ယနေ့တွင် ထုတ်ပြန်ထားသည်။

ယနေ့ထုတ်ပြန်သည့် ကိန်းကဏန်းများမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်အထိ ကုလသမဂ္ဂက နောက်ဆုံး ကောက်ခံရယူထားသည့် စာရင်းဖြစ်ပြီး ထိုအထဲမှ လူဦးရေ ၁ ဒသမ ၇ သန်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် မလုံခြုံသည့်အတွက် နေရပ်စွန့်ခွာသူများဖြစ်သည်ဟု ဆိုသည်။

“ဒီလူဦးရေ ၂ သန်းနီးပါးဟာ မရေရာတဲ့ အခြေအနေတွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုး အကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လူမှုကူညီရေး အကူအညီတွေ လိုအပ်နေပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာလ ၉ ရက်အထိ နိုင်ငံအရှေ့တောင်ဘက်တွင် လူဦးရေ ၄၈၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စစ်ကိုင်းနှင့်မကွေးတိုင်းဒေသကြီးတွင်လည်း စက်တင်ဘာလနှောင်းပိုင်းတွင် လက်နက်ကိုင်တိုက်ပွဲများကြောင့် လူဦးရေ ၁၃၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း အောက်တိုဘာလ ၁၂ ရက်က ထုတ်ပြန်သည့် UN-OCHA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့်အပတ်က ပဲခူးမြို့နယ်အတွင်း ရေကြီးမှုနှင့် မိုးသည်းထန်မှုကြောင့် ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း အောက်တိုဘာလ ၉ ရက်က မြေပြိုကျပြီး ကားလမ်းပျက်စီးခဲ့သည့်အတွက် အကူအညီပေးရေးပစ္စည်းများ သယ်ယူမှု နှောင့်နှေးခဲ့ရသည့် အခက်အခဲများရှိခဲ့သော်လည်း လူဦးရေ ၁ ဒသမ ၈သန်းကျော်ကို ယခုနှစ် ပထမနှစ်ဝက်တွင် အကူအညီများ ပေးနိုင်ခဲ့သည်ဟုလည်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (NN-14)

https://www.facebook.com/narinjara.info/posts/724708506362948

Leave a Reply

Your email address will not be published.