တောင်ကုတ်လူသတ်မှု တရားခံ စစ်ကောင်စီ တပ်သားများကို ရဲဘက်သို့ လွှဲပြောင်းခြင်း မရှိသေး

By Western News / 2023 October     3

ရခိုင်ပြည် တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်ဒေသခံ ဦးစံသိန်းအောင်ကို သတ်ဖြတ်မှုနှင့် ဖမ်းဆီးထားသည့် တရားခံ စစ်ကောင်စီတပ်သားများကို ၃၄၆ တပ်ရင်းက မြို့နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးမည်ဟု ကတိပြု ပြောဆိုခဲ့သော်လည်း ယနေ့အချိန်အထိ လွှဲပြောင်းပေးခြင်းမရှိသေးကြောင်း သိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့က နောက်ထပ် ဖမ်းမိသည့် တရားခံတပ်သားကို ၃၄၆ တပ်ရင်းမှူးက မြို့နယ်ရဲတပ်ဖွဲ့ထံမှ ခေါ်ယူသွားစဉ် တပ်ရင်းမှူးက ပထမဖမ်းမိထားသည့် တရားခံနှင့် ယခုဖမ်းမိသည့် တရားခံ နှစ်ဦးစလုံးကို မြို့နယ်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးမည်ဟု ကတိပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဩဂုတ်လ ၁ ရက်နေ့က ပထမဆုံးဖမ်းမိသည့် တရားခံမှာ တပ်သား ဝင်းထွန်းလွင်ဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့က ဒုတိယဖမ်းမိသည့် တရားခံမှာ တပ်သား ကောင်းမြတ်အောင်တို့ဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦးစလုံးကို ၃၄၆ တပ်ရင်းမှူးက ရဲလက်ထဲမှ ခေါ်ယူသွားခြင်းဖြစ်သည်။

ဦးစံသိန်းအောင်၏ မိသားစုဝင်တစ်ဦးက “တပ်သား ကောင်းမြတ်အောင်ကို ဖမ်းမိတဲ့နေ့က ၃၄၆ တပ်ရင်းမှူးက ရဲစခန်းလာပြီး စခန်းမှူးတွေ့တယ်။ တပ်သား ကောင်းမြတ်အောင်ခေါ်ယူသွားမယ်လို့ ပြောတယ်။ တပ်တွင်းမှာ စစ်ဆေးပြီးရင် နှစ်ယောက်လုံးကို ရဲလက်ထဲသို့ ပြန်လွှဲပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် အခုထက်ထိတော့ လွှဲပြောင်းပေးတာ မရှိတာကို တွေ့ရပါတယ်” ဟု ပြောသည်။

တောင်ကုတ်မြို့မစခန်းမှူးကို Western News မှ ဆက်သွယ်ရာ စစ်တွေသို့ ရောက်ရှိနေသည်ဟုဆိုကာ အဆက်အသွယ်မရရှိသေးပေ။

ဦးစံသိန်းအောင်၏ ဇနီးကလည်း “အခုထိတော့ ရဲတပ်ဖွဲ့ရော၊ တပ်ဖက်ကရော ဘာတစ်ခုမှ အကြောင်းကြားတာ မရှိသေးဘူး။ ဖမ်းရထားတဲ့ တရားခံတွေကို ဘယ်လို အရေးယူမယ်၊ အပြစ်ပေးမယ်ဆိုတာကို တစ်ခုမှ မသိရသေးဘူး။ ကျမတို့က အမှန်တရားကို လိုချင်ပါတယ်။ ပြစ်မှုကျူးလွန်တဲ့ သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်” ဟု ပြောသည်။

အသတ်ခံခဲ့ရသည့် ဦးစံသိန်းအောင်၏ ဖုန်းကို Lock လာဖြေစဉ် တပ်သား ဝင်းထွန်းလွင်ကို မြို့ထဲတွင် ဖမ်းမိရခြင်းဖြစ်ပြီး တပ်သား ကောင်းမြတ်အောင်ကို ဦးစံသိန်းအောင်၏ ဆိုင်ကယ်ကို ရောင်းစားပြီး မြို့ထဲသွားလာနေသည်ကို တွေ့ရ၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦးစလုံးကို ဦးစံသိန်းအောင်၏ မိသားစုဝင်များက ဖမ်းဆီးခဲ့ကာ ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တောင်ကုတ်မြို့မရဲစခန်းမှူးက ယခင်အင်တာဗျူး ဖြေဆိုမှုများတွင် တပ်မတော်အနေဖြင့် တရားခံတပ်သားများကို တပ်မတော် ဥပဒေဖြင့် အရေးယူပါက နယ်ဘက်တရားရုံးသို့ မရောက်နိုင်ကြောင်းနှင့် စစ်ဥပဒေဖြင့် အရေးယူပါက နယ်ဘက်တရားရုံးသို့ ရောက်ရှိလာမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးကြောင်း သိရသည်။

တောင်ကုတ်မြို့ရှိ ၃၄၆ တပ်ရင်းမှူးအနေဖြင့် တရားခံတပ်သားများကို မည်သို့မည်ပုံ အရေးယူထားသည်ဆိုသည်ကို တောင်ကုတ်မြို့ရဲတပ်ဖွဲ့သို့ အကြောင်းကြားလည်းမရှိသလို ဦးစံသိန်းအောင်၏ မိသားစုဝင်များကိုလည်း အကြောင်းကြားခြင်းမရှိသည့်အပြင် ထုတ်ပြန်ပေးခြင်းလည်း မရှိပေ။

ကိုင်းရှည်ရပ်ကွက်ဒေသခံ ဦးစံသိန်းအောင်သည် မီးချောင်းထိုးကျေးရွာအနီးရှိ ၎င်း၏ ကြက်မွေးမြူရေးခြံမှ ဇူလိုင်လ ၃၁ ရက်နေ့က ညအချိန် မော်တော်ဆိုင်ကယ်ဖြင့် နေအိမ်သို့ပြန်လာစဉ် တောင်ကုတ်တက္ကသိုလ်အနီးတွင် သတ်ခံခဲ့ရခြင်းဖြစ်သည်။

မိသားစုဝင်တစ်ဦးက “မြို့အဝင် တောင်ကုတ်တက္ကသိုလ်နဲ့ ပေ ၄၀၀ လောက်ဝေးတဲ့ နေရာမှာ ရဲတပ်ဖွဲ့၊ စစ်တပ်တွေပါတဲ့ ဌာနပေါင်းစုံဂိတ် ဟောင်းရှိတယ်။ မောင်းတံဂိတ်လို့ ခေါ်တယ်။ အဲဒီမောင်းတံဂိတ်မှာ ဦးစံသိန်းအောင်ဟာ ပထမဆုံး ဦးခေါင်းနောက်စေ့ကို ဓါးနဲ့ လိုက်ခုတ်ခံရတယ်။ မောင်းတံဂိတ်တံနဲ့ ပေ ၂၀ လောက်အကွာမှာ လမ်းဘေးမြောင်းထဲထိုးဆင်းသွားတဲ့ ဆိုင်ကယ် ဘီးရာတွေ တွေ့တယ်။ ပြီးတော့ ဦးစံသိန်းအောင်ရဲ့ ဖိနပ်အပြင် တရားခံဖိနပ်လို့ ယူဆရတဲ့ နောက်ထပ် ဖိနပ်နှစ်ရံကိုတွေ့တယ်။ ဦးစံသိန်းအောင်အလောင်းကို တွေ့တာက တောင်ကုတ်တက္ကသိုလ် ဂိတ်ပေါက် ၃ အနီးမှာတွေ့တာ။ ဦးစံသိန်းအောင်ဟာ မောင်းတံဂိတ်ကနေ ဖိနပ်မပါဘဲ ထွက်ပြေးတဲ့ ကမ်းလမ်းပေါ်မှာ သူ့ခြေထောက်ရဲ့ ရွှံ့တွေပေနေတဲ့ ခြေရာကို တွေ့ရတယ်။ တရားခံတွေက နောက်က လိုက်လာပြီး ဦးစံသိန်းအောင်ကို တက္ကသိုလ်အနီးမှာ မသေမချင်း ဓါးနဲ့ ထိုးသတ်ခဲ့တာဖြစ်တယ်” ဟု ပြောသည်။

ဦးစံသိန်းအောင်၏ အလောင်းကိုတွေ့သည့်နေရာနှင့် ဖိနပ်ကိုတွေ့သည့်နေရာမှာ ပေ ၃၀၀ ကျော်ခန့် ဝေးကွာပြီး ဦးစံသိန်းအောင်မှာ ရင်ဘက်၊ ဝမ်းတို့တွင် ဓါးဖြင့်ထိုးသွင်းဒဏ်ရာ ၅ ချက်နှင့် ဦးခေါင်းနောက်စေ့တွင် ဓါးနှင့် လှမ်းခုတ်သည့် ပြစ်ချ ဒဏ်ရာတို့ဖြင့် ကားလမ်းဘေးတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဦးစံသိန်းအောင်အား သတ်ဖြတ်သွားသူများမှာ ယခု ဖမ်းဆီးရမိထားသည့် ၃၄၆ တပ်ရင်းမှ တပ်သားနှစ်ဦးအပြင် နောက်ထပ် ၃ ဦးထက်မနည်း ပါဝင်နိုင်ကြောင်းနှင့် အခင်းဖြစ်ပွားရာ၌ တွေ့ရှိခဲ့သည့် ဖိနပ်နှစ်ရံမှာ ယခုဖမ်းမိထားသည့် တပ်သားများနှင့် ကိုက်ညီမှုမရှိသေးကြောင်း သိရသည်။

ယင်းအပြင် ဦးစံသိန်းအောင်၏ ထိုးသွင်းဒဏ်ရာများထဲမှ အချို့ထိုးသွင်းဒဏ်ရာမှာ မြို့နယ်ဆရာဝန်၏ စစ်ဆေးချက်အရ ဘယ်သန် ပါဝင်နေ၍ ယခုဖမ်းထားသည့် တပ်သားနှစ်ဦးမှာ ဘယ်သန်မဟုတ်သေးဘဲ နောက်ထပ် တရားခံများ ရှိနိုင်သေးကြောင်း စုံစမ်းသိရသည်။

ရခိုင်ပြည်အတွင်း ခိုးဆိုးလုယက်မှုများမှတစ်ဆင့် လူသတ်မှုအထိကျူးလွန်ပြီး ရာဇဝတ်မှုများအား ဆက်တိုက်ကျူးလွန်လာကြခြင်းမှာ ပြစ်မှုကျူးလွန်သူများကို ထိထိရောက်ရောက် အရေးမယူခြင်းနှင့် တရားဥပဒေစိုးမိုးရေး အားနည်းခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/756285619844200

Leave a Reply

Your email address will not be published.