(ဖမ်းမိ တရားခံတပ်သားများကို ရဲဘက်သို့ လွှဲပြောင်းပေးမည်ဟု ၃၄၆ တပ်ရင်းမှူးပြော)
By Western News / 2023 October 14

ရခိုင်ပြည် တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်ဒေသခံ ဦးစံသိန်းအောင် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး သေဆုံးသူမိသားစုဝင်များ၊ ရဲစခန်း၌ အမှုဖွင့်ရာတွင်ပါဝင်သူအားလုံးကို တောင်ကုတ်မြို့ရှိ ၃၄၆ တပ်ရင်းက ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။
ဦးစံသိန်းအောင် သတ်ဖြတ်ခံရမှုနှင့် ၃၄၆ တပ်ရင်းက တပ်သားနှစ်ဦးကိုလည်း တရားခံအဖြစ် ဖမ်းဆီးရမိထားပြီး အရေးယူနိုင်ရန် စစ်ဆေးနေကြောင်း တပ်ရင်းမှူးက သေဆုံးသူမိသားစုဝင်များကို ပြောကြားထားသည်။
ပြီးခဲ့သည့်အပတ်က ဦးစံသိန်းအောင်၏ ဇနီးနှင့် ကိုင်းရှည်ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ရဲစခန်း၌ အမှုဖွင့်ရာတွင်ပါဝင်သော ဦးစံသိန်းအောင်၏ မိသားစုဝင်များကို ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။
ဦးစံသိန်းအောင်၏ ဇနီးဖြစ်သူက “ ၃၄၆ တပ်ရင်းက ခေါ်ယူစစ်ဆေးတာ မှန်ပါတယ်။ ဘယ်နေ့က ဆိုတာ မှတ်မရတော့ဘူး။ တစ်ပတ်လောက်တော့ ကြာပြီ။ အဓိက အသတ်ခံရတဲ့နေ့က ဖြစ်စဉ်တွေကို မေးပါတယ်။ တပ်ဘက်ကလည်း ပထမဖမ်းမိတဲ့ တပ်သား ဝင်းထွန်းလွင်တစ်ဦးကိုပဲ တရားခံလို့ ပြောတယ်။ ကျမတို့က ပြန်ပြောတယ်မဟုတ်ဘူး။ ဆိုင်ကယ်နဲ့ ဖမ်းမိတဲ့ တပ်သား ကောင်းမြတ်အောင်လည်း ပါတယ်။ သက်သေတွေနဲ့ ချပြတဲ့အခါ တပ်ဘက်က လက်ခံသွားတယ်။ ပြီးတော့ တပ်က ဒီအမှုကို မျက်ကွယ်မပြုဘူး။ အမှန်အတိုင်းဖြစ်စေရမယ်လို့ ပြောတယ်။ ရဲဘက်ကိုလည်း ဒီတပ်သားတွေကို လွှဲပေးမယ်လို့ ပြောပါတယ်။ ” ဟု ပြောသည်။
ဦးစံသိန်းအောင်၏ မိသားစုဝင်များက ယခုလူသတ်မှုတွင် ဖမ်းမိထားသည့် တပ်သားနှစ်ဦးအပြင် နောက်ထပ် တပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦးလည်းပါဝင်နေကြောင်း သတင်းရရှိထားသည်ဟု ၃၄၆ တပ်ရင်းမှူးအား ပြောပြထားသည်။
၃၄၆ တပ်ရင်းမှူးက စုံစမ်းစစ်ဆေးနေပြီး နောက်ထပ် ပါဝင်ပတ်သက်နိုင်သော တရားခံများကို ဖမ်းဆီးနိုင်ရန် ကြိုးစားဆောင်ရွက်မည်ဟု ကတိပေးထားသော်လည်း လက်ရှိ တစ်ပတ်ကျော်ကြာသည်အထိ ထူးခြားမှုတစ်စုံတစ်ရာမရှိသေးကြောင်း ဦးစံသိန်းအောင်၏ ဇနီးက ဆိုသည်။
“ ကျမတို့က ဒီလူသတ်မှုမှာ အခုဖမ်းမိထားတဲ့ တရားခံတပ်သားနှစ်ဦးအပြင် နောက်ထပ် နှစ်ဦးလည်း ပါဝင်နေတယ်လို့ ကျမတို့ စုံစမ်းရထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဖမ်းထားတဲ့ တပ်သားတွေနဲ့ ကျမယေကျ်ားအလောင်းဘေးမှာတွေ့ခဲ့ရတဲ့ ဖိနပ်တွေက မကိုက်ညီဘူးလေ။ ပြီးတော့ အလောင်းမှာ ထိုးသွင်းဒဏ်ရာက ဘယ်သန်ပါနေတယ်။ အဲဒါလေး မကိုက်ညီပြန်ဘူး။ ပါဝင်ပတ်သက်နေတဲ့သူတွေအားလုံးကို ဖမ်းဆီးပေးစေချင်ပါတယ်။ ” ဟု ပြောသည်။
တောင်ကုတ်မြို့မရဲတပ်ဖွဲ့က တရားခံတစ်ဦးကို ဖမ်းမိပြီဆိုလျှင် မိသားစုဝင်များအနေဖြင့် ကျေနပ်သင့်ပြီဟု ဒုရဲအုပ်အဆင့်ရှိသူတစ်ဦးက ၃၄၆ တပ်ရင်းမှူးအား ပြောဆိုမှုရှိနေကြောင်းနှင့် ဦးစံသိန်းအောင်၏ မိသားစုဝင်များက တရားခံတစ်ဦးနှင့် မကျေနပ်နိုင်ဘဲ ပါဝင်ပတ်သက်သူအားလုံးကို ဖမ်းဆီးအရေးယူရန် တောင်းဆိုနေကြသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တောင်ကုတ်မြို့မရဲတပ်ဖွဲ့ စခန်းမှူးထံသို့ Western News မှ ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပေ။
တပ်သား ကောင်းမြတ်အောင်နှင့်အတူ ဖမ်းမိခဲ့သည့် ဦးစံသိန်အောင်၏ ဆိုင်ကယ်အား တောင်ကုတ်မြို့မရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားပြီး မိသားစုဝင်များက ဆိုင်ကယ်အား အာမခံဖြင့် ပြန်ထုတ်သော်လည်း တောင်ကုတ်ရဲတပ်ဖွဲ့က ထုတ်မပေးသေးကြောင်း သိရသည်။
ယခု ဖမ်းမိထားသည့် တပ်သား ဝင်းထွန်းလွင်ကို ဩဂုတ်လ ၁ ရက်နေ့က ဦးစံသိန်းအောင်၏ လက်ကိုင်ဖုန်းအား မြို့ထဲ၌ Lock ဖြေရာတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး တပ်သား ကောင်းမြတ်အောင်ကို ဦးစံသိန်းအောင်၏ ဆိုင်ကယ်အား မြို့ထဲတွင် ရောင်းချရာ၌ စက်တင်ဘာလ ၂၇ ရက်နေ့က ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ကိုင်းရှည်ရပ်ကွက်ဒေသခံ ဦးစံသိန်းအောင်သည် မီးချောင်းထိုးကျေးရွာအနီးရှိ ၎င်း၏ ကြက်မွေးမြူရေးခြံမှ ဇူလိုင်လ ၃၁ ရက်နေ့က ညအချိန် မော်တော်ဆိုင်ကယ်ဖြင့် နေအိမ်သို့ပြန်လာစဉ် တောင်ကုတ်တက္ကသိုလ်အနီးတွင် အသတ်ခံရခြင်းဖြစ်သည်။
မိသားစုဝင်တစ်ဦးက “မြို့အဝင် တောင်ကုတ်တက္ကသိုလ်နဲ့ ပေ ၄၀၀ လောက်ဝေးတဲ့ နေရာမှာ ရဲတပ်ဖွဲ့၊ စစ်တပ်တွေပါတဲ့ ဌာနပေါင်းစုံဂိတ် ဟောင်းရှိတယ်။ မောင်းတံဂိတ်လို့ ခေါ်တယ်။ အဲဒီမောင်းတံဂိတ်မှာ ဦးစံသိန်းအောင်ဟာ ပထမဆုံး ဦးခေါင်းနောက်စေ့ကို ဓါးနဲ့ လိုက်ခုတ်ခံရတယ်။ မောင်းတံဂိတ်တံနဲ့ ပေ ၂၀ လောက်အကွာမှာ လမ်းဘေးမြောင်းထဲထိုးဆင်းသွားတဲ့ ဆိုင်ကယ် ဘီးရာတွေ တွေ့တယ်။ ပြီးတော့ ဦးစံသိန်းအောင်ရဲ့ ဖိနပ်အပြင် တရားခံဖိနပ်လို့ ယူဆရတဲ့ နောက်ထပ် ဖိနပ်နှစ်ရံကိုတွေ့တယ်။ ဦးစံသိန်းအောင်အလောင်းကို တွေ့တာက တောင်ကုတ်တက္ကသိုလ် ဂိတ်ပေါက် ၃ အနီးမှာတွေ့တာ။ ဦးစံသိန်းအောင်ဟာ မောင်းတံဂိတ်ကနေ ဖိနပ်မပါဘဲ ထွက်ပြေးတဲ့ ကမ်းလမ်းပေါ်မှာ သူ့ခြေထောက်ရဲ့ ရွှံ့တွေပေနေတဲ့ ခြေရာကို တွေ့ရတယ်။ တရားခံတွေက နောက်က လိုက်လာပြီး ဦးစံသိန်းအောင်ကို တက္ကသိုလ်အနီးမှာ မသေမချင်း ဓါးနဲ့ ထိုးသတ်ခဲ့တာဖြစ်တယ်” ဟု ပြောသည်။
ဦးစံသိန်းအောင်၏ အလောင်းကိုတွေ့သည့်နေရာနှင့် ဖိနပ်ကိုတွေ့သည့်နေရာမှာ ပေ ၃၀၀ ကျော်ခန့် ဝေးကွာပြီး ဦးစံသိန်းအောင်မှာ ရင်ဘက်၊ ဝမ်းဗိုက်တို့တွင် ဓါးဖြင့်ထိုးသွင်းဒဏ်ရာ ၅ ချက်နှင့် ဦးခေါင်းနောက်စေ့တွင် ဓါးနှင့် လှမ်းခုတ်သည့် ဒဏ်ရာတို့ဖြင့် ကားလမ်းဘေးတွင် သေဆုံးသွားခြင်းဖြစ်သည်။
ရခိုင်ပြည်အတွင်း ခိုးဆိုးလုယက်မှုများမှတစ်ဆင့် လူသတ်မှုအထိကျူးလွန်ပြီး ရာဇဝတ်မှုများအား ဆက်တိုက်ကျူးလွန်လာကြခြင်းမှာ ပြစ်မှုကျူးလွန်သူများကို ထိထိရောက်ရောက် အရေးမယူခြင်းနှင့် တရားဥပဒေစိုးမိုးရေး အားနည်းခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
https://www.facebook.com/westernnewsagency/posts/763032305836198