By Narinjara / 2023 October 20

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ ကမ်းနားလမ်းတွင် အများပြည်သူ လာရောက်အပန်းဖြေနိုင်ရန်ပြုလုပ်ထားသည့် အပန်းဖြေပစ္စည်းများ ဖျက်ဆီးခံရမှုရှိနေကြောင်း မြို့ခံများက ပြောသည်။
အဆိုပါကမ်းနားလမ်းကို ညနေဆိုလျှင် မြို့ခံပြည်သူများနှင့် လူငယ်များက အပန်းဖြေရန်လာလေ့ရှိပြီး ယခုရက်ပိုင်းတွင်မူ အပန်းဖြေပစ္စည်းများ ဖျက်ဆီးလွှင့်ပစ်ခြင်းများရှိနေကြောင်း သိရသည်။
ယနေ့ အောက်တိုဘာလ ၂၀ ရက်၊ မနက်ပိုင်းတွင် အဆိုပါကမ်းနားလမ်းမှ အပန်းဖြေ သံထိုင်ခုံတစ်လုံးအား တောင်ကုတ်ချောင်းထဲမှ ဆယ်ယူခဲ့ရကြောင်း တောင်ကုတ်မြို့မှ ရှင်းသန့်မြေအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်း ဥက္ကဋ္ဌ ကိုအောင်ဖြိုးသူက ပြောသည်။
“ဒီနေ့မနက်ပိုင်းက ကျွန်တော်တို့အဖွဲ့အမှိုက်ကောက်ရင်းနဲ့ ကမ်းနားလမ်းကထိုင်ခုံတစ်လုံးကို ချောင်းထဲကဆယ်ယူခဲ့ရပါတယ်။ အများပြည်သူအပန်းဖြေဖို့လုပ်ပေးထားတဲ့ပစ္စည်းတွေ အခုလိုလုပ်တာတော့ စိတ်မကောင်းဖြစ်ရတယ်” ဟု ပြောသည်။
အဆိုပါထိုင်ခုံကို မည်သူမည်ဝါက ချောင်းထဲလွှင့်ပစ်ခဲ့သည်ဟုအတိအကျမသိရသော်လည်း ညဘက်ကမ်းနားလမ်းတွင် အရက်သေစာသောက်စားမူးယစ်သူများက လွှင့်ပစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သူက ပြောသည်။
“ဘယ်သူကလွှင့်ပစ်ခဲ့တယ်ဆိုတာမျိုးတော့ ကျွန်တော်တို့မသိရပါဘူး။ ဒါပေမယ့် ညဘက်ကမ်းနားလမ်းမှာက အရက်သေစာသောက်စားကြတာတွေလည်း ရှိတယ်။ အဲဒီလိုသောက်စားမူးယစ်ပြီးတော့ လွှင့်ပစ်ခဲ့ကြတာထင်တယ်”ဟု ပြောသည်။
We Love Taunggoke ဆိုင်းဘိုးရှိရာ ချောင်းကောက်ရပ်ကွက်ရှိ ဦးဥတ္တမလမ်း(ခေါ်) ကမ်းနားလမ်းတွင် အများပြည်သူအပန်းဖြေနိုင်ရန် လေညှင်းခံထိုင်ခုံများ၊ ကိုယ်ကာယအားကစားပစ္စည်းများ၊ အလှဓာတ်ပုံရိုက်နိုင်ရန် နောက်ခံအသည်းပုံများကို စွယ်တော်ဖြူလုပ်ငန်းစုနှင့် တောင်ကုတ်မြို့မှအလှူရှင်များက စုပေါင်း ပြုလုပ်ပေးထားခြင်းဖြစ်သည်။
ယခင်ကလည်း အဆိုပါကမ်းနားလမ်းရှိ ကမ်းထိန်းနံရံသံချောင်းများရိုက်ချိုးခံရခြင်း၊ အပန်းဖြေပစ္စည်းတချို့ဖျက်ဆီးခံရခြင်းများ ရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။
အများပြည်သူစိတ်အေးသက်သာစွာ အပန်းဖြေရန်စီစဉ်ပေးထားသည့်နေရာတွင် သောက်စားမူးယစ်ပြီး အပန်းဖြေပစ္စည်းများကိုပါ ဖျက်ဆီးလွှင့်ပစ်မှုများရှိနေသည့်အတွက် အပန်းဖြေရန်လာရောက်သည့်ပြည်သူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။
“လူငယ်တွေသဘာဝအရ သောက်စားတာကို ကျွန်တော်တို့က မပြောလိုဘူး။ ဒါပေမယ့် အများပြည်သူပိုင်နေရာ(Public area)ထဲမှာ မြင်မကောင်း၊ ရှုမကောင်း၊ ကြားမကောင်း ဆဲဆိုအော်ဟစ်တာမျိုးတွေ၊ ပြဿနာဖြစ်တာမျိုးတွေက တခြားသက်ကြီးရွယ်ငယ် အပန်းဖြေဖို့လာတဲ့သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ အခုဆိုရင် အပန်းဖြေပစ္စည်းတွေပါ ဖျက်ဆီးလာတယ်။ တာဝန်ရှိသူတွေအနေနဲ့ စည်းနဲ့ကမ်းနဲ့ဖြစ်အောင် လုပ်ပေးဖို့လိုလာပါပြီ”ဟု ပြောသည်။
အများပြည်သူအပန်းဖြေရာ တောင်ကုတ်ကမ်းနားလမ်းတွင် အရက်သေစာသောက်စားမူးယစ်ရမ်းကားဆဲဆိုမှုတချို့ရှိနေသည်ဟု စက်တင်ဘာလထဲတွင် တောင်ကုတ်မြို့ခံတစ်ဦးက လူမှုကွန်ရက်၌မျှဝေရေးသားခဲ့သည်ကို မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်ဦးကျောက်တောင်က “လူငယ်တွေသဘာဝ ပျော်ကြပါစေ” ဟု မှတ်ချက်ပေးခဲ့သည်။
တောင်ကုတ်ကမ်းနားလမ်းသည် ချောင်းကောက်ရပ်ကွက်၊ ဦးဥတ္တမလမ်းမကြီးတွင်တည်ရှိပြီး စီးပွားရေးလုပ်ငန်းရှင်ဦးကျောက်တောင်၏အိမ်၊ “ရိုးမလှိုင်း”တောင်ကုတ်မြို့နယ်စာကြည့်တိုက်တို့နှင့် ကပ်လျက်ရှိကြောင်း သိရသည်။ (NN-23)
https://www.facebook.com/narinjara.info/posts/725862492914216