တရုတ်စီမံကိန်းရှိရာ မဒေးကျွန်းတွင် ဆည်ဆောက်မည့်ကိစ္စ ပွင့်လင်းမြင်သာစွာချပြရန် ဒေသခံများတောင်းဆို

By DMG / 2023 October             11

ပုံစာ – ဆည်ဆောက်လုပ်မည့်နေရာအား ကျေးရွာသားများနှင့် မြေစာရင်းဌာနတို့မှ အောက်တိုဘာ ၁၀ ရက်နေ့တွင် သွားရောက်ကြည့်ရှုခဲ့စဉ်။ ဓာတ်ပုံ – CJ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာတွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှ ဆည်တစ်ခုတည်ဆောက်ရန် စီစဉ်နေကြောင်း ဒေသခံများကပြောသည်။

ဆည်တည်ဆောက်မည့်နေရာမှာ ကျောက်တန်းကျေးရွာနှင့် ၂ ဖာလုံခန့်ကွာဝေးသည့် ရှောက်ပင်ချိန်တောင်နှင့် ကျင်သန်တောင်ကြားတွင်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းအတွက် ကျောက်ဖြူမြို့နယ် မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများက ဇန်နဝါရီလတွင် တစ်ကြိမ်၊ ဧပြီလတွင် တစ်ကြိမ်နှင့် အောက်တိုဘာ ၁၀ ရက်နေ့တွင် တစ်ကြိမ် လာရောက်ပြီး မြေဧရိယာ တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မဒေးကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသာဇံအောင်က “ဒီမှာ ဒေသခံတွေ သုံးစွဲဖို့ဆိုပြီးတော့ ရေကာတာ ဆည်တစ်ခု လုပ်ဖို့ရှိတယ်ဆိုပြီးတော့ ဆည်မြောင်းဦးစီးဌာနက ပြောပြလို့သိရပါတယ်။ ပြီးတော့ မြေစမ်းသပ် တိုင်းတာမှုတွေလည်း လာလုပ်ကြတာတွေရှိတယ်” ဟု ပြောသည်။

မဒေးကျွန်းသည် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီမှ နိုင်ငံကူးသင်္ဘောများ ဆိပ်ကပ်နိုင်သည့် ဆိပ်ကမ်းနှင့် ရေနံသိုလှောင်ကန်များ တည်ဆောက်ထားပြီး ယင်းမှတစ်ဆင့် ပိုက်လိုင်းသွယ်တန်း၍ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့နှင့် ရေနံများ တင်ပို့နေသည့်နေရာဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၉ နှစ်တွင် ရွေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ရေနံစိမ်းသိုလှောင်ရုံနှင့် သင်္ဘောဆိပ်ကမ်း စီမံကိန်းကြောင့် လယ်ယာမြေတချို့ သိမ်းဆည်းခံခဲ့ရပြီး ရေလုပ်ငန်းလုပ်ကိုင်သူများမှာလည်း လုပ်ကွက်တချို့ ဆုံးရှုံးခဲ့ရသည်။

ယင်းကြောင့် အဆိုပါဆည်မှာ ဒေသခံများသုံးစွဲရန်ဟု ဌနဆိုင်ရာဘက်က ပြောဆိုသော်လည်း မဒေးကျွန်းတွင်ရှိသည့် တရုတ်စီမံကိန်းများ၏ လိုအပ်ချက်အရလည်း ဖြစ်နိုင်သဖြင့် ဒေသခံများကို ပွင့်လင်းမြင်သာစွာ ရှင်းပြရန် ဒေသခံများက လိုလားနေကြသည်။

“ကျွန်းမှာရှိတဲ့ အရင်စီမံကိန်းတွေတုန်းကလည်း ဒေသခံတွေအတွက် အကျိုးအမြတ်တွေ အများကြီးရှိတယ်ဆိုပြီး ပြောဆိုခဲ့ကြတာပဲ။ အခုလည်း ဒီရေကာတာက ဒေသခံတွေအတွက်လို့ ပြောတာပါပဲ။ ဒါပေမယ့် စီမံကိန်းလုပ်မယ့် လူတွေဘက်က ဒေသခံကို အခုထိ ပွင့်ပွင့်လင်းလင်းမချပြသေးတော့ စောင့်ကြည်ရုံပဲ ရှိတာပေါ့” ဟု ကျောက်တန်းကျေးရွာသား ဦးမောင်လှခင်က ပြောသည်။

အလားတူ တရုတ်စီမံကိန်းတည်ဆောက်စဉ်က ဒေသခံများပိုင်ဆိုင်သည့် လယ်ယာမြေ၊ ဥယျာဉ်များ သိမ်းဆည်းခံခဲ့သဖြင့် လက်ရှိ ဆည်တည်ဆောက်မည့်နေရာတွင်လည်း လယ်ယာမြေနှင့် ဥယျာဉ်ခြံများ ရှိနေ၍ ထပ်မံသိမ်းဆည်းခံရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“အခု ရေကာတာဧရိယာမှာပါတဲ့ ဥယျာဉ်တွေက မြေဂရမ်အမည်ပေါက်ရှိမှ လျော်ကြေးရမယ်။ အမည်ပေါက် မရှိရင် စိုက်ထားတဲ့အပင်တန်ဖိုးပဲရမယ်ဆိုပြီး မြေစာရင်းဌာနက အဲလိုပြောတယ်လို့ သိရတယ်။ ဒီမှာက အမည်ပေါက်မရှိရင်သာနေမယ် အားလုံးဟာ ဘိုးဘွားပိုင်လုပ်စားလာခဲ့ကြတာမို့ မတန်တဆအသိမ်းခံရမှာကိုတွေးပြီး စိုးရိမ်နေရတယ်” ဟု ကျောက်တန်းကျေးမှ ဒေါ်နွဲ့နွဲ့မြင့်က ပြောသည်။

ဆည်ဆောက်လုပ်မည့် ကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန မြို့နယ်အရာရှိ ဦးသက်လင်းထွန်းကို DMG ဆက်သွယ်ခဲ့ရာတွင် “ခရီးထွက်နေတယ် နောက်မှ အကြောင်းပြန်မယ်” ဟု တုံ့ပြန်သဖြင့် တစုံတစ်ရာမသိခဲ့ရပေ။

ကျောက်ဖြူမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးဘရှိန်က ရေကာတာစီမံကိန်းသည် ရေရှည်အတွက် အကျိုးရှိမည်ဆိုလျှင် ဒေသခံများမနစ်နာရအောင် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်းပြောသည်။

“ရေကာတာတစ်ခု ဆောက်သွားမယ်ဆိုတာ သိရတယ်။ ဘယ်နေ့ဆောက်မယ် ဆိုတာကိုတော့ မသိရပါဘူး။ စီမံကိန်း အကောင်ထည်ဖော်ခဲ့မယ်ဆိုရင်တော့ ဒေသခံတွေအတွက် အကျိုးရှိနိုင်သလို ဒေသခံတွေ မနစ်နာရအောင်လည်း သေချာတဲ့ ညှိနှိုင်းမှုတွေလုပ်သင့်တယ်” ဟု ဦးဘရှိန်က ပြောသည်။

မဒေးကျွန်းတွင် ကျောက်တန်း၊ ပြိန်၊ ရွာမ စသည့် ကျေးရွာ ၅ ရွာရှိပြီး လူဦးရေစုစုပေါင်း ၃,၀၀၀ ခန့်နေထိုင်ကာ လယ်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။

#I008 #DMG

https://www.facebook.com/dmgnewsagency/posts/713268697513396

Leave a Reply

Your email address will not be published.