ဆိုင်ခန်းများဖယ်ရှားခဲ့သည့် စစ်တွေဟိုတယ်ဆင်းလမ်း မြေနေရာတွင် ပန်းခြံလုပ်ရန် စီစဉ်နေ

By DMG / 2023 October             23

ပုံစာ – စစ်တွေဟိုတယ် ကမ်းခြေအနီး ပန်းခြံဆောက်လုပ်ရန် စီစဉ်နေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် တွေ့ရစဉ်။

ကျူးကျော်ဆောက်လုပ်ထားသည်ဟုဆိုကာ စစ်တွေဟိုတယ် ကမ်းခြေအနီးမှ စားသောက်ဆိုင်ခန်းများကို မကြာသေးမီက ဖယ်ရှားခဲ့ပြီး အဆိုပါမြေနေရာတွင် အများပြည်သူအပန်းဖြေနိုင်မည့် ပန်းခြံတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်တွေဟိုတယ်ကမ်းခြေမှ စားသောက်ဆိုင်ခန်း ၁၀ ကျော်ကို ယခုအောက်တိုဘာလအတွင်း ရဲနှင့် စည်ပင် တာဝန်ရှိသူများက ဖြိုဖျက်ခဲ့ကြပြီးနောက် ယခုအခါ ပန်းခြံပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

“အဲဒီဖျက်ထားတဲ့နေရာမှာ မကြာခင် မြေအလှပြုပြင်ပြီးတော့ ပန်းခြံလုပ်မယ်။ ကမ်းခြေမှာ ပန်းခြံလေးတွေနဲ့ဆိုတော့ စစ်တွေကိုလာတဲ့ ဧည့်သည်တွေ ကမ်းခြေကိုလာကြည့်တဲ့အခါ လမ်းလျှောက်လို့ကောင်းမယ်” ဟု ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

ယင်းအပြင် စံပြရပ်ကွက်မှနေ၍ စစ်တွေကမ်းခြေဆင်းလမ်းကို လမ်းအဖြောင့်ဖောက်လုပ်ပြီး ယင်းလမ်းကြောင်းတွင် စစ်တွေဟိုတယ်မှ ခြံဝင်းမြေများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အသစ်ဖောက်လုပ်မည့် ပန်းခြံ၊ ကမ်းခြေဆင်းလမ်းနှင့်ပတ်သက်၍ အောက်တိုဘာ ၁၆ ရက်တွင် ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့က သွားရောက်ကြည့်ရှုခဲ့ကြသည်။

အသစ်ဖောက်လုပ်မည့် လမ်းပုံစံ၊ ပွိုင့်ကမ်းခြေပတ်လမ်းနှင့် စစ်တွေဟိုတယ်ဆင်းလမ်းဆုံ ပုံစံတို့ကို ပြည်နယ်လမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင်မြင့်က ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ်အား ရှင်းပြခဲ့ကြောင်း သိရသည်။

“စစ်တွေဟိုတယ်ကို ဆင်းတဲ့လမ်းက ဟိုတယ်မြေတချို့ကိုဖျက်ပြီးတော့ စစ်တွေရှုခင်းသာလမ်းအထိ ဖြောင့်ဖြောင့်ယူလိုက်မယ်။ အခုလောလောဆယ် စစ်တွေဟိုတယ်အတွင်းထဲက လမ်းလည်းပါသွားမယ်” ဟု ဦးလှသိန်းက ပြောသည်။

အဆိုပါနေရာတွင် အများပြည်သူအပန်းဖြေရန် ပန်းခြံမျိုးသာဖြစ်သင့်ပြီး ပုဂ္ဂလိက အခကြေးနှင့် ဝင်ခွင့်ပြုမည့် ပန်းခြံဆိုလျှင် အဆင်မပြေကြောင်း စစ်တွေမြို့ခံ ဦးအောင်သန်းဝေက အကြံပြုသည်။

“အမှန်တကယ် ဖြိုဖျက်လိုက်တဲ့နေရာမှာ အများပြည်သူအပန်းဖြေဖို့အတွက် လုပ်တယ်ဆိုရင်တော့ လက်ခံလို့ရပါတယ်။ အဲဒီနေရာမှာ ပန်းခြံပုံစံမျိုး လုပ်မယ်ဆိုရင်လည်း ပြည်သူနဲ့ဆိုင်တဲ့ အခမဲ့ဆိုရင် လက်ခံပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိက အခကြေးငွေယူပြီး လုပ်မယ်ဆိုရင်တော့ ကျနော်တို့လက်မခံနိုင်ဘူး” ဟု ဦးအောင်သန်းဝေက ပြောသည်။

ရခိုင်ပြည်၊ စစ်တွေမြို့တွင် အများပြည်သူအပန်းဖြေသည့် ပန်းခြံများအဖြစ် ဦးဥတ္တမပန်းခြံ၊ ခိုင်သဇင်ပန်းခြံတို့ရှိပြီး မိဇံရပ်ကွက်တွင်လည်း မိဇံပန်းခြံပြုလုပ်ရန် လျာထားခဲ့သည်။ စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာတွင်လည်း နန္ဒဝန်ဥယျာဥ်တစ်ခုရှိပြီး ၎င်းဥယျာဉ်ကို ပုဂ္ဂလိကထံ ငှားရမ်းထားကြောင်း သိရသည်။

#I003 #DMG

https://www.facebook.com/dmgnewsagency/posts/720597383447194

Leave a Reply

Your email address will not be published.