ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” အရှိန်ကြောင့် ရခိုင်ပြည်တွင် မိုးကြီးနိုင်

By Western News / 2023 October     25

ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် ၅ နာရီ ၃၀ မိနစ် အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့တောင်ဘက်အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေကြောင်း မိုးဇလက ထုတ်ပြန်သည်။

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒက သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး  ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။

ကျန်မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့်နှင့် မြစ်ဝကျွန်းပေါ် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့်ရှိနိုင်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/769681338504628

Leave a Reply

Your email address will not be published.