စစ်တွေ ကျောက်တန်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ အချိန်ကြာမြင့်စွာစစ်ဆေးခဲ့၍ အရေးပေါ်ဆေးရုံပို့သည့် ကိုယ်ဝန်အရင့်အမာအမျိုးသမီးတစ်ဦးနှင့် ဗိုက်ထဲမှ ကလေးပါ သေဆုံး

By Narinjara / 2023 October     21

ဓာတ်ပုံ – ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ စစ်ကောင်စီ၏ ကျောက်တန်းစစ်ဆေးရေးဂိတ်မှ အချိန်ကြာမြင့်စွာစစ်ဆေးခဲ့၍ ကိုယ်ဝန် ၈ လခန့်လွယ်ထားရသည့် နှလုံးရောဂါအခံရှိသူအမျိုးသမီးတစ်ဦးနှင့် သူမ၏ဗိုက်ထဲရှိ ကလေးပါ သေဆုံးခဲ့ရကြောင်း သိရသည်။

သေဆုံးသွားသူမှာ စစ်တွေမြို့နယ်၊ ကြွီတဲပိုက်ဆိပ်ကြီးကျေးရွာမှ ဒေါ်ခင်ခင်လင်း(၂၉)နှစ်ဖြစ်ပြီး ကိုယ်ဝန် ၈ လခန့်လွယ်ထားရကာ နှလုံးရောဂါအခံရှိသူဖြစ်ကြောင်း မိသားစုဝင်များက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သူမသည် ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်၊ ည ၁၀ နာရီကျော်က ရုတ်တရက်အသက်ရှူမွန်းကျပ်၍ စစ်တွေဆေးရုံကြီးသို့ အိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်) ယာဉ်ဖြင့် အရေးပေါ်ပို့ဆောင်စဉ် စစ်တွေအဝင် ကျောက်တန်းစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မလိုအပ်ဘဲ စစ်ဆေးမှုကြန့်ကြာခဲ့သည့်အတွက် ဆေးရုံအချိန်မီမရောက်နိုင်ခဲ့ဘဲ လမ်းတွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သူမ၏မိသားစုဝင်တစ်ဦးက ပြောသည်။

“မနေ့ကညပိုင်းမှာ ရုတ်တရက်အရေးပေါ်အခြေအနေကြောင့် စစ်တွေဆေးရုံကို ပို့တာပါ။ ကျောက်တန်းဂိတ်လည်းရောက်တော့ ကျွန်တော်တို့တုတ်တုတ်ကို လက်ပြတားထားတယ်။ ပြီးတော့ ကိုယ်ဝန်သည်နာမည်တွေ၊ နေရပ်လိပ်စာတွေ၊ ယာဉ်ပေါ်ပါသူတွေကိုလည်း စစ်ဆေးပါတယ်။ အဲဒီမှာအချိန်က မကြာသင့်ဘဲအရမ်းကြာသွားရတယ်။ အချိန်အတိအကျ မသိပေမယ့် တစ်နာရီလောက်တော့ ကြာတယ်”ဟု ပြောသည်။

တစ်နာရီလောက်အချိန်မှာ လူနာ စစ်တွေဆေးရုံကြီးသို့ ရောက်ရှိရန် အချိန်လုံလောက်သည်သာမက ဆေးကုသခွင့်ရရှိရန်လည်း လုံလောက်သဖြင့် ယခုကဲ့သို့ အချိန်အကြာကြီး စစ်ဆေးမှုအပေါ် အထူးစိတ်မကောင်းဖြစ်ရကြောင်း သူက ဆက်ပြောသည်။

စစ်ဆေးရေးဂိတ်တွင် ၄င်းတို့ကိုရပ်တန့်စစ်ဆေးသည့်အချိန်၊ အထက်တာဝန်ရှိသူများကို သတင်းပို့နေသည့်အချိန်သည် အနည်းဆုံး တစ်နာရီနီးပါးကြန့်ကြာခဲ့ကြောင်း သူက ပြောသည်။

ယင်းသို့အရေးပေါ်အခြေအနေဖြစ်နေသည့် လူနာကို ဂိတ်တွင်ဖြတ်သန်းခွင့်မပေးဘဲ စစ်ဆေးမေးမြန်းပြီး အထက်တာဝန်ရှိသူများကို သတင်းပို့နေသည်ဟုပြောဆို၍ စောင့်ဆိုင်းခိုင်းထားခြင်းကြောင့် ကိုယ်ဝန်သည်ဒေါ်ခင်ခင်လင်းမှာ စစ်တွေဆေးရုံကြီးသို့ ရောက်ရှိသည့်အချိန်တွင် အသက်မရှိတော့ကြောင်း မိသားစုဝင်က ဆက်ပြောသည်။

“ဆေးရုံကိုရောက်တော့ အသက်မရှိတော့ပါဘူး။ ဆရာဝန်တွေကတော့ ဘယ်အချိန်က ထွက်လာတာလဲ။ ဘယ်လောက်တောင်ကြာခဲ့လဲလို့ မေးကြပါတယ်။ သူတို့ပြောပုံအရဆို ဆေးရုံရောက်တာနောက်ကျတယ်လို့ ထင်တယ်” ဟု ပြောသည်။

မခင်ခင်လင်း၏ ကိုယ်ဝန်မှာ ၈ လရှိသော်လည်း ဆရာဝန်က ၉ လနှင့် ခွဲစိတ်ပြီးမွေးရမည်ဟု ပြောဆိုထားကြောင်း မိသားစုဝင်များက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယမန်နေ့ညဉ့်က သေဆုံးသူ မခင်ခင်လင်း၏ အလောင်းကိုခွဲစိပ်ခဲ့ရာ ကိုယ်ဝန်မှာ မိန်းကလေးဖြစ်သော်လည်း ကလေးငယ်ပါ သေဆုံးသွားကြောင်း မိသားစုဝင်များက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

လက်ရှိတွင် မခင်ခင်လင်း၏အလောင်းမှာ ကျေးရွာသို့ပြန်ရောက်ရှိနေပြီဖြစ်ပြီး မနက်ဖြန် အောက်တိုဘာလ ၂၂ ရက်၊ နေ့လယ်ပိုင်းတွင် သင်္ဂြိုဟ်သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ လက်နက်ကြီးကျ၍ ဒဏ်ရာပြင်းထန်သူအချို့အား စစ်တွေသို့ အရေးပေါ်ကားဖြင့်ပို့ဆောင်စဉ် အဆိုပါစစ်ဆေးရေးဂိတ်တွင် အချိန်ကြာမြင့်စွာစစ်ဆေးခဲ့သည့်အတွက် ဒဏ်ရာပြင်းထန်သူတစ်ဦး သေဆုံးခဲ့ဖူးကြောင်း သိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် ၂ဝ၁၈ ခုနှစ်နောက်ပိုင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံများကို စစ်ဆေးမှုပြုလုပ်နေခြင်းဖြစ်ပြီး လက်ရှိ တိုက်ပွဲများရပ်စဲနေချိန်တွင်လည်း စစ်ဆေးမှုများကို တင်းတင်းကျပ်ကျပ် ပြုလုပ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် ည ၆ နာရီမှ နံနက် ၆ နာရီအထိ အဆိုပါဂိတ်အား ဖြတ်သန်းသွားလာခွင့်လည်း တားမြစ်ထားသည်ဟု သိရသည်။ (NN-23)

https://www.facebook.com/narinjara.info/posts/726476716186127

Leave a Reply

Your email address will not be published.