စစ်တွေအကျဉ်းထောင်တွင် လူ့အခွင့်အရေး ဆိုးရွားနေ

(ထောင်ဝန်ထမ်းများမှ အကျဉ်းသားများကို လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းဖြင့် ရိုင်းစိုင်းစွာဆက်ဆံနေ)

By Western News / 2023 October     31

ရခိုင်ပြည် စစ်တွေမြို့ရှိ စစ်တွေအကျဉ်းထောင် အမျိုးသမီးအဆောင်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးရွားနေပြီး အကျဉ်းသားများအပေါ် လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းများဖြင့် ဆဲဆိုကြိမ်းမောင်းကာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံနေကြောင်း အကျဉ်းသားများမှ သတင်းပေးပို့ချက်အရ သိရသည်။

စစ်တွေအကျဉ်းထောင်ရှိ အမျိုးသမီးအကျဉ်းသားများမှာ စစ်တွေအကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို Western News သို့ ထောင်ဝင်စာမှတစ်ဆင့် ပေးပို့လာကြပြီး ယင်းအထဲမှ အကျဉ်းသူအမျိုးသမီးများ အား အဆောင်မှူး ထောင်မှူးများက ဆဲဆိုကြိမ်းမောင်းမှုအား ဖြစ်ပေါ်နေသည်။

အကျဉ်းထောင်းအတွင်း အမျိုးသမီးအဆောင်တွင် နံနက် ၄ နာရီ ၂၀ မိနစ်မှ နံနက် ၇ နာရီအထိ တန်းထိုင်နေရပြီး ညနေ ၅ နာရီ ကနေ ၇နာရီ ၄၀ အထိ ထိုင်နေရကြောင်း စစ်တွေဒေသခံ အမျိုးသမီး အကျဉ်းသားတစ်ဦးက ပြောသည်။

“နံနက် ၄ နာရီ ၂၀ ကနေ ၇ နာရီအထိ တန်းထိုင်ရတယ်။ နောက်ထပ် ၇ နာရီ ၂၀ ကနေ တစ်နာရီလောက် ဆောင့်ကြောင့် (ဒေသအခေါ် – ဆောင့်ခြုံ) ထိုင်ရတယ်။ ညနေ ၅ နာရီကနေ ၇ နာရီ ၃၀ အထိ တန်းထိုင်ရတယ်။ ဒါက အကျဉ်းသားတွေအပေါ်မှာ လိုတာထက် ညှဥ်းပန်းနှိက်စက်နေတာပါ ” ဟု ပြောသည်။

ကိုယ်ပိုင်နံပါတ် က-၄၂၁၈ ဒေါ်သူဇာထွန်းနှင့် က-၄၁၃၉ ဒု-အဆောင်မှူး ဒေါ်ဝင်းရတနာစိုးတို့က လူမျိုးရေးခွဲခြားသော အသုံးအနှုန်းနှင့် အလွန်ရိုင်းစိုင်းသော အပြုအမူမျိုးဖြင့် အလှည့်ကျ ပြောဆိုဆက်ဆံနေကြောင်း နောက်ထပ် အကျဉ်းသားအမျိုးသမီးတစ်ဦးက ဆိုသည်။

“နေ့စဉ်လိုလို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံတယ်။ သူတို့ပြောတဲ့ မရိုးနိုင်တဲ့ စကားတွေက $ကောင်မတွေ နင်တို့ဟာ နောက်ဆိုရင် Rich ကော်ဖီချောင်းတွေ ပေးရမယ်။ $ပုံမလာတဲ့ ကောင်မတွေ၊ နင်တို့ဆီမှာ လာနေချင်လို့ နေတာမဟုတ်ဘူး။ နင်တို့ ရခိုင်လူမျိုးမှာ အရာရှိမရှိဘူး။ ပညာမတတ်တဲ့ဟာတွေမို့လို့ ငါတို့ ဗမာပြည်ကလာပြီး အုပ်ချုပ်ပေးနေရတာ။ စောက်ဂရုကိုမစိုက်လို့ ရခိုင်ပြည်ကို လာတာ။ ငါတို့က အုပ်ချုပ်သူလူတန်းစားတွေ၊ နင်တို့ဆီမှာ AA ပဲဖြစ်ဖြစ် BB ပဲဖြစ်ဖြစ် ငါတို့က $ဂရုမစိုက်ဘူး။ အဲလို နေ့စဉ် ဆဲဆိုနေတာ ” ဟု ပြောသည်။

မိုးလင်းမိုးချုပ် နေ့စဉ် ကြမ်းတိုက်ခိုင်းပြီး ရေဗူးများထမ်းခိုင်းကာ နားချိန်မပေးကြောင်းနှင့် ထမင်းစားချိန်တွင်လည်း တစ်နာရီကျော်ကြာ ဆောင့်ကြောင့် ထိုင်ခိုင်းထားကြောင်း သိရသည်။

အမျိုးသမီးလစဉ်သုံးပစ္စည်းများကိုလည်း မပေးဘဲ ရုံးခန်းထဲ၌ သော့ခတ်သိမ်းထားကြောင်း ကျောက်တော်ဒေသခံ အမျိုးသမီးအကျဉ်းသားတစ်ဦးက ဆိုသည်။

“ကျမတို့ကို လစဉ်သုံးပစ္စည်းတွေ ထုတ်မပေးဘူး။ ရုံးခန်းထဲမှာ သော့ခတ်ပြီး သိမ်းထားတာ။ သွားတောင်ရင်လည်း ဆဲဆိုကြိမ်းမောင်းပြီး ပြန်လွှတ်တယ်။ ထုတ်မပေးဘူး။ ကျမတို့ကလည်း သွားမတောင်းရဲတော့ဘူး။ ထမိန်အစုတ်(အဝတ်အစ အပြဲ) တွေကို လစဉ်သုံးပစ္စည်းအဖြစ် သုံးနေရတယ်။ ထမိန်အစုတ်တွေကို သုံးလို့ အဖြူဆင်းပြီး နေမကောင်းဖြစ်နေတဲ့ အမျိုးသမီးတွေ အများကြီးရှိနေတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခတွေကို ခံစားနေရပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့က တရားသူကြီးချုပ် အကျဉ်းထောင်သို့ လာရောက်ကြည့်ရှုခဲ့သော်လည်း အကျဉ်းထောင်ဝန်ထမ်းများ၏ ခြိမ်းခြောက်ထားမှုကြောင့် အကျဉ်းသားများအနေဖြင့် မည်သည့်တစ်ခုမှ တင်ပြခွင့်မရရှိကြဘဲ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မတင်ပြဝံ့ကြကြောင်း သိရသည်။

ထို့ကြောင့် စစ်တွေအကျဉ်းထောင်သို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း ICRC အဖွဲ့ကို လာရောက် ကြည့်ရှုစေလိုပြီး အကျဉ်းထောင်အတွင်း လိုအပ်ချက်များ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို တင်ပြလိုကြောင်း အမျိုးသမီးအကျဉ်းသားများက ပြောဆိုကြသည်။

အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် လူမျိုးရေးအရ ခွဲခြားဆက်ဆံရခြင်းတို့ကို သက်ဆိုင်ရာဌာန အကြီးအကဲများသို့ သိစေလိုပြီး တင်ပြပါကလည်း ယခုအခြေအနေထက် ဆိုးရွားအောင် အကျဉ်းထောင်ဝန်ထမ်းများက ပြုမူဆက်ဆံမည်ကို အကျဉ်းသားများက စိုးရိမ်နေကြသည်။

တက်ကြွလှုပ်ရှားသူ ရခိုင်အမျိုးသမီးတစ်ဦးက “နဂိုကတည်းကနေ ဗမာ-ရခိုင် ပြဿနာ အဖုအထိပ်လေးတွေ ရှိနေတာမှာ ဝန်ထမ်းတွေက ပြည်သူတွေကို ဒီလိုပြုမူဆက်ဆံတာက ပဋိပက္ခကို ပိုပြီးတွန်းအားပေးနေတာနဲ့ တူတယ်။ အကျဉ်းထောင်တွေမှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံတာက အကျဉ်းထောင်တွေရဲ့ ဖြစ်နေကျဆိုပေမယ့် အကျဉ်းထောင်မှာ ရာဇဝတ်မှုကျူးလွန်သူတွေရှိသလို နိုင်ငံရေးအမှုနဲ့ အကျဉ်းကျနေတဲ့ ပညာတတ်တွေ အများကြီးပဲ။ အသက်ကြီးတဲ့သူတွေလည်း ရှိကြမယ်။ လူမျိုးရေးခွဲခြားတာမက ခန္ဓာကိုယ်မှာပါတဲ့ဟာနဲ့ ဆဲဆိုတာက မလုပ်သင့်ဘူးလေနော်။ ပြီးတော့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်တယ်။ လစဉ်သုံးပစ္စည်းတွေ မပေးတာက အရမ်းဆိုးရွားတာပဲ။ အဝတ်အစုတ်တွေကိုသုံးနေရရင် ရိုးရောဂါပိုးတွေ ကူးစက်နိုင်တယ်။ နောက် ကျန်းမာရေး အရမ်းဆိုးရွားလာတဲ့အထိ ဖြစ်နိုင်တယ်” ဟု ပြောသည်။

မြန်မာစစ်တပ်သည် နိုင်ငံကို အတင်းအဓမ္မ အာဏာသိမ်းယူထားပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက အကျဉ်းသားများအပေါ် ဆိုးဆိုးရွားရွား ပြုမူဆက်ဆံပြီး အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးဖောက်ခံရမှုများနှင့် အကျဉ်းသားများအပေါ် အကျဉ်းထောင်ဝန်ထမ်းများမှ ကိုယ်ထိလက်ရောက်ကျူးလွန်မှုများကိုလည်း မျက်ကွယ်ပြုနေကြောင်း သိရသည်။

ICRC သည် အကျဉ်းသားများ၏ ကျန်းမာရေးကိစ္စအပါအဝင် လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးလေ့ရှိပြီး ကိုဗစ်ကပ်ရောဂါဖြစ်ပွားခြင်းနှင့် စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ အကျဉ်းထောင်ထဲသို့ ဝင်ရောက်မရရှိဘဲ ရှိနေကြောင်းနှင့် လက်ရှိတွင် အကျဉ်းထောင်များအား ကြည့်ရှုစောင့်ရှောက်ခွင့် ရရှိရေးအတွက် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေကြောင်း ICRC က ထုတ်ပြန်ထားသည်။

ICRC သည် လက်ရှိတွင် အကျဉ်းသားမိသားစုများနှင့် ပြန်ဆက်သွယ်ခြင်း၊ အကြံဉာဏ်များပေးခြင်း၊ လွတ်မြောက်ပြီး အကျဉ်းသားများ အိမ်ပြန်နိုင်ရေးကိစ္စများကို ဆက်လက်ကူညီနေကြောင်း သိရသည်။

ကိုဗစ်ကပ်ရောဂါကြောင့် သုံးနှစ်ကြာ ပိတ်ထားခဲ့သည့် အကျဉ်းထောင်အတွင်း လူတွေ့ထောင်ဝင်စာကို စစ်ကောင်စီဖက်မှ ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့စ၍ ပြန်လည်ခွင့်ပြုလိုက်ပြီဆိုသော်လည်း ကန့်သတ်ချက်များ ရှိနေသေးကြောင်း သိရသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/773310704808358

Leave a Reply

Your email address will not be published.