စစ်တွေမှမောင်တောသို့ ပို့ဆောင်သည့် စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာများကို နယ်ခြားစောင့်တပ်ဖမ်းဆီး

By Narinjara / 2023 October     2

စစ်တွေမှ မောင်တောသို့ အငူမော်- မောင်တော ကားလမ်းအတိုင်း ကားဖြင့် သယ်ဆောင်လာသည့် ကျပ် သိန်း ၆၀ ဖိုးရှိ စစ်တပ်ထုတ်ကုန် အရက်နှင့် ဘီယာများကို  အမျိုးသားနှစ်ဦးနှင့် အတူ  နယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါအရက်နှင့် ဘီယာများကို အမျိုးသားနှစ်ဦးက ပြီးခဲ့သည့်စက်တင်ဘာ ၂၉ ရက်နေ့က စစ်တွေမှ မောင်တောသို့ ကုန်ကားတစ်စီးဖြင့် သယ်ဆောင်လာစဉ် မောင်တောမြို့နယ်၊ အင်းဒင်စစ်ဆေးရေးဂိတ်ရှိ နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မောင်တောမြို့နယ်မှ ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ဟိုတစ်ရက်နှစ်ရက် အရက်တင်လာတဲ့ကားကို ဖမ်းတာကြားတယ်။ အင်းဒင်းစစ်ဆေးရေးဂိတ်မှာ။ ဒီလို စစ်တပ်ထုတ်ကုန်ကို ဖမ်းတာမျိုး အရင်က မကြားဖူးသလောက်ပဲ။ အထက်အရာရှိတွေကို ပြေလည်အောင် မပေးကမ်းလို့ အဆင်မပြေဖြစ်တာထင်ပါတယ် ”ဟု ပြောသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်မှ ဦးမြသွင်(၅၇)နှင့် စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်မှ ကိုသားညီ(၂၂)နှစ်တို့ဖြစ်သည်။

သူတို့သည် ကျပ်သိန်း ၆ဝ ကျော်တန်ဖိုးရှိ အရက်/ဘီယာမျိုးစုံအား စားသောက်ကုန်ပစ္စည်းများနှင့်အတူ ရောနှောသယ်ဆောင်စဉ် ဖမ်းဆီးခံလိုက်ရခြင်းလည်းဖြစ်သည်။

မောင်တောမြို့မှ သက်ဆိုင်ရာများနှင့်နီးစပ်သူတစ်ဦးက မောင်တောတွင် နယ်စပ်ဂိတ်များကို ဖြတ်သန်းမည်ဆိုပါက စစ်ကောင်စီထံသို့ မျှောစာတင်ရပြီး မျှောစာပါမှ ဖြတ်သန်းခွင့်ရကြသည်ဟု ပြောသည်။

မျှောစာပါသော်လည်း အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြင်းများလည်းရှိပြီး ယခုကဲ့သို့ ဖမ်းဆီးခြင်းမှာ အထက် အရာရှိနှင့် မပြေလည်၍ ဖြစ်နိုင်သည်ဟုလည်း ၎င်းက နိရဥ္စရာကို ပြောသည်။

“မျှောစာဆိုတာ အရက်တွေဆိုရင် ရောင်းဝယ်တဲ့လိုင်စင်ရှိတယ်။ အဲဒီလိုင်စင်က သယ်ယူခွင့်လိုင်စင်ပါ။ ဥပမာ စစ်တွေက မောင်တောကိုသယ်ယူမယ်ဆိုရင် မျှောခံရတယ်။ သစ်တွေဝါးတွေဆိုလည်း ခံရတယ်။ စားကုန်က လွဲပြီး။ သူတို့ဖမ်းချင်တယ်ဆိုဖမ်းတာပါပဲ။ မဖမ်းချင်လည်း မဖမ်းဘူး ”ဟု ပြောသည်။

လက်ရှိတွင် အရက်၊ ဘီယာများနှင့်အတူ ဖမ်းဆီးခံလိုက်ရသူနှစ်ဦးကို အင်းဒင်နယ်မြေရဲစခန်းတွင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်ဖြင့် အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရခိုင်တွင် စစ်တပ်ထုတ်ကုန်များမှာ မြန်မာဘီယာ၊ ဒဂုံအရက်၊ ဘီယာ၊ အချိုရည်၊ Andaman Gold အရက်၊ ဘီယာ၊ အချိုရည်၊ Black Shield ဘီယာ၊ မန္တလေးဘီယာ၊ မန္တလေးရမ်၊ အာမီရမ်၊ Red Ruby ဆေးလိပ်၊ Premium Gold ဆေးလိပ်များနှင့် MYTEL ဆက်သွယ်ရေးဆင်းကဒ်များမှာ ရောင်းအားကောင်းနေဆဲဖြစ်ပြီး ယခုကဲ့သို့ စစ်တပ်ထုတ်ကုန်များ ဖမ်းဆီးခြင်းမှာ ယခင်က မရှိခဲ့ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်တပ်က မြန်မာတစ်နိုင်ငံလုံးကို အာဏာ သိမ်းပြီးသည့်နောက် စစ်ကောင်စီကို ဆန့်ကျင်သည့် အနေဖြင့် စစ်တပ်ထုတ်ကုန်များကို တစ်နိုင်လုံး မသုံးစွဲကြရန် သပိတ်မှောက် လှုပ်ရှားမှုများ ပြုလုပ်လျှက် ရှိသည်။ (NN-11)

https://www.facebook.com/narinjara.info/posts/715168770650255

Leave a Reply

Your email address will not be published.