By DMG / 2023 October 12

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ မန်စီကျေးရွာအနီးရှိ အမှိုက်ပုံတွင် သေဆုံးနေသည့် အမည်မသိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို အောက်တိုဘာ ၁၁ ရက်က ကျေးရွာသားအချို့မှတွေ့ရှိခဲ့ကြောင်း သိရသည်။
အမှိုက်ပုံအနီးမှ အနံ့ဆိုးထွက်၍ သွားကြည့်ရာမှ လက်နှင့်ခြေထောက်ကို ကြိုးဖြင့်ချည်နှောင်ခံထားရသည့် လူသေအလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မန်စီကျေးရွာမှ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။
“လက်နဲ့ ခြေတွေကို ကြိုးတွေနဲ့တုတ်ချည်ထားတယ်။ ဒဏ်ရာတွေတော့ မတွေ့ဘူး။ အလောင်းက ပုတ်ပွနေပြီ။ မွတ်ဆလင်အလောင်းတော့ မဟုတ်ဘူး။ အစ္စလာမ်ဘာသာတွေ တတ်တူးမထိုးကြဘူး။ အခုအလောင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ တတ်တူးတွေထိုးထားတယ်” ဟု ၎င်းကပြောသည်။
လူသေအလောင်းတွေ့ရှိသည့် အမှိုက်ပုံမှာ စစ်တွေမြို့ကထွက်ရှိသည့် အမှိုက်များကို စွန့်ပစ်သော နေရာဖြစ်ပြီး လက်ရှိတွင် အလောင်းကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
သေဆုံးနေသည့် အမျိုးသားမှာ အသက် ၃၅ နှစ်အရွယ်ခန့်ဖြစ်ပြီး မည်သည့်အရပ်ဒေသမှ ဖြစ်သည်ကို မသိရသေးကြောင်း စစ်တွေမြို့၊ နာရေးကူညီမှုအသင်း ဥက္က ဦးသန်းရွှေက ပြောသည်။
“ရဲတွေ စစ်ဆေးနေကြတယ်။ အခုထိတော့ မသင်္ဂြိုလ်ရသေးဘူး။ ကျနော်တို့က သင်္ဂြိုလ်ပေးရမှာ။ သူ့ဆွေမျိုးတွေ ရောက်မလာသေးတော့ ဘယ်သူဘယ်ဝါဆိုတာကို ပြောဖို့ခက်တယ်” ဟု ၎င်းကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့မရဲစခန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။
နောက်ထပ် မန်စီကျေးရွာမှ အမျိုးသားတစ်ဦးက “လူမျိုးခြားကို ကျနော်တို့ မွတ်ဆလင်ရွာနားက အမှိုက်ပုံမှာ သတ်ပြီးစွန့်ပစ်ခဲ့တာဆိုတော့ ဒေသခံတွေလည်း စိုးရိမ်မှုတွေရှိနေကြတယ်။ လူမျိုးရေးကြား အမြင်စောင်းတာတွေဖြစ်မှာကို စိုးရိမ်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ကလည်း စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်ရှိ မြို့လယ်ချောင်းတွင် ပီနံအိတ်ခွံဖြင့် ထုပ်ပိုးထားသည့် အမည်မသိ လူသေရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့သည်။
စစ်တွေမြို့တွင် အမည်မသိ လူသေအလောင်းများကို ခပ်စိပ်စိပ်တွေ့လာနေရပြီး ယင်းသို့ တွေ့လာရခြင်းမှာ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့်ဟု ဒေသခံများက ဝေဖန်နေကြသည်။
#R005 #DMG
https://www.facebook.com/dmgnewsagency/posts/713938990779700