(အရေးမယူခြင်းမှာ လာတိုင်သူမရှိ၍ဟု စည်ပင်ပြော)
By Narinjara / 2023 October 11
![](https://newsvsinformation.com/wp-content/uploads/2023/10/391686483_720250913475374_1537568477740208993_n.jpg)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တစ်မြို့လုံးနီးပါးကို ရေဖြန့်ဝေပေးသည့် ကန်တော်ကြီးနှင့် ကန်တော်ငယ်( ဒေသအခေါ် ကန်တော်ချေ) များတွင် ရေဆင်းကူးသူများရှိနေသော်လည်း သက်ဆိုင်ရာက ထိရောက်စွာ အရေးယူမှုမရှိကြောင်း မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်၊ ညနေပိုင်းက စစ်တွေကန်တော်ကြီးတွင် ကလေးများအပါအဝင် လူကြီးများပါ ဘောကွင်းများဖြင့် ရေဆင်းကူးနေသည့်ပုံများနှင့် ငါးဖမ်းပိုက်ချနေသည့်ပုံများ လူမှုကွန်ရက်စာမျက်နှာများ၌ ပျံ့နှံ့ခဲ့ပြီးနောက် မြို့ခံများအကြားတွင် မြို့နယ်စည်ပင်အဖွဲ့၏ စီမံခန့်ခွဲမှု၊ အရေးယူဆောင်ရွက်မှု ညံ့ဖျင်းမှုကို ဝေဖန်မှုများရှိခဲ့သည်။
ယင်းသို့ စည်းကမ်းမဲ့ ရေဆင်းကူးသူများကို စည်ပင်က အရေးမယူခြင်းသည် ပြည်သူလုထု၏ကျန်းမာရေးအတွက်သာမက ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်ရာရောက်သည်ဟု စစ်တွေမြို့မိမြို့ဖတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။
“ဒီဟာကို တစ်ခွန်းမှမပြော၊ ပြန်ပြီးတော့လည်း မတုံ့ပြန်ဆိုတာက ဒီကိစ္စကို အလေးနက်မထားလို့ပေါ့။ မြို့သူမြို့သား တစ်ရပ်လုံး သုံးနေရတဲ့ရေကန်မှာ ရေဆင်းကူးတာကိုတောင် အရေးမယူဆိုတော့ ပြည်သူလုထုကျန်းမာရေးတောင်မက ဂုဏ်သိက္ခာကိုတောင် အရေးမစိုက်တာပဲ”ဟုပြောသည်။
အဆိုပါသောက်သုံးရေကန်များတွင် ရေကစားသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန်လိုအပ်သည်ဟုလည်း စစ်တွေမြို့ခံတစ်ဦးက နိရဥ္စရာကို ပြောသည်။
“စည်ပင်မှာ ဥပဒေရှိတယ်လေ။ လူမဆန်တဲ့လူတွေကို လူမဆန်တဲ့အပြစ်ပေးရမယ်။ ဒါမှ နောက်လူတွေမလုပ်တော့မှာ”ဟု ပြောသည်။
ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုညွှန်မှူး ဦးကျော်မိုးက ရေဆင်းကူးသူများကို အရေးယူခြင်းမရှိသည်မှာ စည်ပင်သို့ လာရောက်တိုင်ကြားခြင်းမရှိ၍ဖြစ်သည်ဟု နိရဥ္စရာကိုပြောသည်။
“ဆင်းကူးရင် သတင်းပေးဖို့ကောင်းတာပေါ့ဗျာ။ အပြင်လူတွေမြင်လို့ရှိရင်လည်း သတင်းပေးပေ့ါ။ ကျနော်တို့ဖမ်းလို့ရတာပေ့ါ။ နည်းနည်းပါးပါး ပြည်သူတွေကလည်း ဝိုင်းဝန်းပြီးတော့ ကူညီရမယ်လေ။ ကန်ရေပြင်က အကျယ်ကြီးကို ကျနော်တို့က မကူးဖို့တားမြစ်ထားတာပဲလေ” ဟုပြောသည်။
လက်ရှိတွင် အဆိုပါကန်တော်ကြီးအတွင်း ရေဆင်းကူးသူများ၊ ငါးဖမ်းပိုက်ချသူများနှင့် တိရစ္ဆာန်များဝင်ရောက်မှုများရှိလာနေပြီး ရေထဲတွင် အသက်အန္တရာယ်ဖြစ်စေသည့်ပစ္စည်းများ၊ လူနှင့် တိရစ္ဆာန်များ၏ မစင်များကျရောက်မှုမရှိစေရန် သက်ဆိုင်ရာက ကြပ်မတ်ဆောင်ရွက်သင့်ကြောင်းလည်း ဒေသခံများက ဆိုသည်။
စစ်တွေကန်တော်ကြီးကို လွန်ခဲ့သည့် ၁၉ဝ၆ ခုနှစ်တွင် စတင်တူးဖော်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နှစ်ပေါင်း ၁ဝဝ ကျော်ကြာမြင့်နေပြီဟု သိရသည်။
လက်ရှိတွင် ကန်တော်ကြီး၌ မိုးတွင်းဆိုလျှင် သောက်သုံးရေအဆင်ပြေသော်လည်း နွေရာသီသို့ စတင်ရောက်ရှိသည်နှင့် ကန်ရေများခမ်းခြောက်ကာ မြို့နေလူထုအတွက် နှစ်စဉ် သောက်သုံးရေရှားပါးလျက်ရှိသည်ဟု မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်းက စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တွေသို့ရောက်ရှိစဉ် ရေများခမ်းခြောက်နေသည့် အဆိုပါကန်တော်ကြီးအား သွားရောက်ကြည့်ရှုခဲ့ပြီး မြေအောက်ရေများဖြည့်တင်းရန် လမ်းညွှန်ခဲ့သည်။
ယင်းနောက် စစ်တွေမြို့အနီးရှိ သင်္ဂနက်ကျေးရွာအနီးတွင် စက်ကြီးများဖြင့် မြေအောက်ရေများတူးဖော်ကာ ကန်တော်ကြီးသို့ ရေသွယ်ပေးခဲ့သော်လည်း မြေအောက်ရေ လုံလောက်စွာမထွက်၍ မြေအောက်ရေဖြည့်တင်းရေးလုပ်ငန်း အောင်မြင်ခြင်းမရှိခဲ့ဟု သိရသည်။ (NN-11)
https://www.facebook.com/narinjara.info/posts/720251360141996