စစ်တွေတွင် အမျိုးသမီးတစ်ဦး ဓားခုတ်ခံရ၍ ဆေးရုံတင်ထားရ

By Arakan Bay News / 2023 October      6

ရခိုင်ပြည်၊ စစ်တွေမြို့ မင်းဂံအကွက် ၉ တွင် ယမန်နေ့ည ၁၀ နာရီ ၂၆ မိနစ်တွင် အမျိုးသားတစ်ဦးက သက်ကြီးအရွယ် အမျိုးသမီးတစ်ဦးအားဓားခုတ်မှုဖြစ်ခဲ့သည့်အတွက် အမျိုးသမီးကို ဆေးရုံတင်ထားရကြောင်း သိရသည်။

ဓားခုတ်ခံရသည့်အမျိုးသမီးမှာ အသက် ၅၃ နှစ်အရွယ် ဒေါမချေဖြစ်ပြီး မင်းဂံ အကွက်  ၉ မှဖြစ်သည်။

ဓားခုတ်မှုကျူးလွန်သူသည် အရက်မူးပြီးလာချိန်တွင် ဒေါ်မချေ၏ သမီးကို ဆဲဆိုရာ မိခင်ဖြစ်သူက ဟန့်တားသဖြင့် ၎င်းကလည်ပင်း နှင့် လက်ဖဝါးကို ဓားဖြင့် ခုတ်လိုက်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ တာဝန်ရှိသူ တစ်ဦးက ABN သို့ပြောသည်။

“လူငယ်ကမူးပြီးလာပါတယ်၊ သူ့သမီးကိုဆဲပါတယ်၊ မိခင်ဖြစ်သူကလည်း ဘာလို့ဆဲနေတာလဲလို့ပြန်ပြောတယ်၊ ဒါနဲ့ သူက ဓားနဲ့လည်ပင်းကိုခုတ်လိုက်ပါတယ်၊ ဓားအကြီးနဲ့ခုတ်တာလို့ သိရပါတယ်” ဟု ဆိုသည်။

လည်ပင်းမှာ ဓားခုတ်ဒဏ်ရာ ၂ ချက် ၊လက်ဖဝါးတွင် ၁ ချက် ဒဏ်ရာရရှိသွားပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင်မရှိကြောင်း သိရသည်။

ဓားခုတ်ခံရသည့်အမျိုးသမီးကို ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၎င်းကိုဆေးရုံတင်ပြီးနောက် မင်းဂံရပ်ကွက်ရှိ သက်ဆိုင်ရာ ရဲခစခန်းသို့ အကြောင်းကြားခဲ့သည့်အတွက် ရဲများ လာရောက်ပြီး အချက်အလက် ကောက်ယူသွားကြောင်း တာဝန်ရှိက ဆက်၍ ပြောသည်။

“ကျနော်တို့ သူ့ကိုဆေးရုံကိုပို့လိုက်ပါတယ်၊ မင်းဂံရပ်ကွက်မှာရှိတဲ့ ရဲစခန်းကိုဖုန်းဆက်ပါတယ်၊ ရဲတွေကလာပြီး ဒေတာအချက်အလက်ကို ကောက်ယူသွားပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် ကျူးလွန်ကို ဖမ်းဆီးထားခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

၎င်းအပြင် စစ်တွေတွင် ပြီးခဲ့သည့်ညက သေနတ်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။

https://www.facebook.com/ArakanBayNewsMedia/posts/287590497460542

Leave a Reply

Your email address will not be published.