By Narinjara / 2023 October 18
ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် သီတင်းကျွတ်လပြည့်နေ့၌ သံဃာတော်အပါး ၅၅၀ နှင့် မေသီလရှင်များအား ဆွမ်းတော်ကြီးလောင်းလှူနိုင်ရန် ပြည်လုံးချမ်းသာဘုရားကြီး၏ အရုပ်ကြီးဇနီးမောင်နှံတို့ဖြင့် မြို့ပတ်ကာ အလှူခံနေပြီဟု သိရသည်။
စစ်တွေရှိ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၏ ဂေါပကအဖွဲ့က ဦးဆောင်ကာ ယမန်နေ့ အောက်တိုဘာ ၁၇ ရက်မှစတင်ကာ ၃ ရက်ကြာ လှည့်လည်အလှူခံနေခြင်းဖြစ်သည်ဟု ဂေါပကဥက္ကဋ္ဌ ဦးမောင်ဒုတ်က နိရဥ္စရာကိုပြောသည်။
“ရိုးရာအလေ့အထ တစ်ခုပေါ့။ ဦးလေးတို့ မမွေးခင်ကတည်းကနေ ဒီလိုလည်ကြတာ။ ပြည်သူလူထုတွေ သိအောင်ပေါ့။ ဒီလို လှည့်လည်နေရင် ဆွမ်းတော်ကြီး လောင်းဖို့ဆိုတာ သိနေကြပြီ။ လူတွေက ပြည်လုံးချမ်းသာဘုရားကြီးကိုလာပြီး တကူးတက မလှူနိုင်တဲ့သူတွေရှိတယ်။ ဒီလှည့်လည်တာမှာ အလှူငွေ ထည့်လိုက်ရင် ဆရာတော်ကြီးတို့ကို ဆွမ်းတော်လောင်းတာမှာ လှူဒါန်းသလိုပေါ့နော်” ဟုပြောသည်။
ယမန်နေ့ ပထမနေ့တွင် ကျောင်းတက်လမ်း၊ လမ်းမကြီး၊ မိဇံ၊ အိုးတမ်း၊ ကျေးပင်ကြီး၊ စစ်တွေမြို့မဈေး၊ ရူပတောင်နှင့် ဘောက်သီးစုရပ်ကွက်တို့တွင် လှည့်လည်ခဲ့ပြီး တစ်ရက်အတွင်း အလှူငွေ ကျပ်သိန်း ၂ဝ ကျော်ခန့် ရရှိခဲ့သည်ဟု ဆိုသည်။
ယနေ့ အောက်တိုဘာ ၁၈ ရက် ဒုတိယနေ့တွင် ကုန်သည်လမ်း၊ ချင်းပျံလမ်း၊ ကသဲရွာ၊ မေယုလမ်း၊ မကျဉ်းမြိုင်လမ်း၊ လမ်းမကြီး၊ ပလုတ်တောင်၊ ပြည်တော်သာ၊ မောလိပ်နှင့် ရေတွင်းလမ်းတို့တွင် လှည့်လည်နေကြဆဲဖြစ်သည်။
မနက်ဖြန် အောက်တိုဘာ ၁၉ ရက် တတိယနေ့တွင် စက်ရုံလမ်း၊ ရွာကြီးလမ်း၊ မင်းဘာကြီးလမ်း၊ လမ်းမကြီး၊ အင်းပေါက်ဝ၊ ရွှေပြား၊ လမ်းမတော်၊ ဆင်ကူးလမ်းနှင့် အုန်းတပင်တို့တွင် လှည့်လည်သွားမည်ဟုလည်း အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၏ ဂေါပကအဖွဲ့က ပြောသည်။
ဂေါပကဥက္ကဋ္ဌ ဦးမောင်ဒုတ်က “ဦးလေးတို့လည်း ကျေနပ်အားရတယ်။ ကုသိုလ်လည်းတစ်ခုဖြစ်တဲ့အတွက် အများကြီးကျေနပ်အားရတယ်။ ပြည်သူတွေကလည်း ဒီအရုပ်ကြီးတွေလာရင် ကလေးတွေရော ပျော်ရွှင်ကြတယ် “ဟု ပြောသည်။
စစ်တွေမြို့ပေါ်ရှိ သံဃာတော်အပါး ၅၅ဝ နှင့် မယ်သီလရှင်များကို လာမည့် သီတင်းကျွတ်လပြည့်နေ့တွင် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးအနီးရှေ့မှစတင်ကာ ဝင်္ကဘာကွင်းတစ်ပတ် ဆွမ်းတော်ကြီးလောင်းလှူပွဲ ကျင်းပသွားမည်ဖြစ်သည်။
ယခုကဲ့သို့ သီတင်းကျွတ်လပြည့်နေ့နှင့် တန်ဆောင်မုန်းလပြည့်နေ့တို့တွင် ဆွမ်းတော်ကြီးလောင်းလှူပွဲကျင်းပနိုင်ရန် အရုပ်ကြီးဇနီးမောင်နှံတို့က မြို့ပတ်လှည့်လည်၍ အလှူငွေများ နှိုးဆော်ကောက်ခံမှုကို စဉ်လာမပျက်ပြုလုပ်လေ့ရှိကြောင်း မြို့ခံများက ပြောသည်။
https://www.facebook.com/narinjara.info/posts/724617653038700