စစ်တွေတွင် မူဆလင် ၇ဦးပြန်ပေးဆွဲခံရပြီး၊ ၁ဦးလျှင် ငွေ ၃သိန်းကျပ်ပေးခဲ့ရ

By Arakan Bay News / 2023 October      29

အောက်တိုဘာလ ၂၆ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့ပေါ်မှ မူဆလင် ၇ဦး ပြန်ပေးဆွဲခံရပြီး ၁ဦးလျှင် ငွေ ၃သိန်းကျပ်စီ ပေးခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည်ဟုသိရသည်။

ပြန်ပေးဆွဲခံခဲ့ရသော မူဆလင် ၇ဦးသည် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှ ဖြစ်ကြောင်းသိရှိရသည်။

ထို၇ဦးမှာ အသက် ၃၉နှစ်အရွယ်  မာမတ်ရော်ဖိလ်၊ အသက် ၂၇နှစ်အရွယ် ဒုစ်မာဖတ်၊ အသက် ၁၅နှစ်အရွယ် အိစ်မိုင်လ်၊ အသက် ၁၉နှစ်အရွယ် မာမတ်ယာဆိန်၊ အသက် ၂၅နှစ်အရွယ် ဖူတိယာ၊ အသက် ၂၀အရွယ် အဒူရော်ကိမ်နှင့် အသက် ၂၇နှစ်အရွယ်

ချာကေရ် တို့ဖြစ်ကြောင်းသိရှိရသည်။

ထို ၇ဦးသည်အောက်တိုဘာလ၂၆ရက်နေ့ နံနက်ပိုင်းက အောင်မင်္ဂလာရပ်ကွက် မင်းဘာကြီးလမ်းရွှေပြည်သစ်ကားပိုင်ရှင်အိမ်ရှေ့တွင် အလုပ်လုပ်ရန် စောင့်နေကြချိန်ရခိုင်သားတစ်ယောက်က အလုပ်ရပြီဟုပြောဆိုပြီး လိမ်လည်၍ အိန္ဒိယဆိပ်ကမ်းသို့ခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသူ ၁ ဦးက ပြောသည်။

“သူတို့က ပြန်ပေးဆွဲခံရတာ၊ အသက်မပြည့်သေးတဲ့သူတစ်ယောက်ပါတယ်၊ အလုပ်လုပ်ချင်လို့ မင်းဘာကြီးလမ်း ရွှေပြည်သစ်ကားပိုင်ရှင်အိမ်နားမာ စောင့်နေကြတယ်၊ အဲဒီမှ  အလုပ်ရပြီဆိုပြီးလိမ်ခေါ်သွားတယ်” ဟုဆိုသည်။

ထိုပြန်ပေးဆွဲခံရသော ၇ဦးကို စစ်တွေအိန္ဒိယဆိပ်ကမ်းမှ စက်လှေဖြင့်ခေါ်သွားပြီး ပေါက်တောမြို့နယ်၏တစ်နေရာတွင် လှေကိုကမ်းမကပ်ဘဲချောင်းထဲတွင် တညအိပ်ခိုင်းခဲ့သည်ဟုသိရသည်။

အောက်တိုဘာလ ၂၇ရက်နေ့နံနက်ပိုင်းက ပြန်ပေးဆွဲလာသော ရခိုင်သားမှ ထို၇ဦး၏ မိသားစုဝင်တစ်ဦးကိုဆက်သွယ်ပြီး တစ်ဦးလျှင် ငွေကျပ် ၃သိန်းပေးရမည်ဟုပြောဆိုခဲ့ကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

“လှေနဲ့ခေါ်သွားကြပါတယ်၊ ပြီးတော့ ကမ်းမကပ်ဘဲ ချောင်းထဲမှာ တစ်ညအိပ်ကြရတယ်၊ မနက်မိုးလင်းတော့ ဖုန်းဆက်လာတယ် တစ်ယောက်အတွက် ငွေ ၃သိန်းလွဲပေးရမယ်ပြောလာတယ်၊ ၇ယောက်စာ ငွေလွဲပေးလိုက်ပါတယ်၊ ငွေလွဲပေးလိုက်တာနဲ့ ညပိုင်းဆိုရင် သူတို့ ၇ယောက်လုံးပြန်ရောက်လာပါတယ်” ဟုဆိုသည်။

ပြန်ပေးဆွဲခံရသည့် ၇ ဦးအတွက် ငွေကျပ် ၂၁ သိန်းကို Wave Moneyမှ လွှဲပေးခဲ့ရကြောင်း မိသားစုဝင်များက ပြောသည်။

https://www.facebook.com/ArakanBayNewsMedia/posts/301408159412109

Leave a Reply

Your email address will not be published.