By Narinjara / 2023 October 17

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပထမဆုံးသော အပျော်တမ်း အာရက္ခလိဂ်ဘောလုံးပြိုင်ပွဲတစ်ခုကို ကျင်းပသွားမည်ဟု သိရသည်။
အဆိုပါပြိုင်ပွဲကို စစ်တွေမြို့ရှိ ဘောလုံးဝါသနာရှင်များအတွက်ရည်ရွယ်၍ အာရက္ခလိဂ်ဖြစ်မြောက်ရေးကော်မတီက ဦးဆောင်ကာ လာမည့် ဒီဇင်ဘာ(သို့မဟုတ်) ဇန်နဝါရီတွင် ကျင်းပသွားမည်ဟု သိရသည်။
စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ ဓညဝတီဘောလုံးကွင်းတွင် ကျင်းပရန် လျာထားပြီး ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် အစိုးရထံသို့ တရားဝင် စာတင်ကာ ခွင့်ပြုချက် တောင်းဆိုသွားမည်ဟုလည်း အာရက္ခလိဂ်ဖြစ်မြောက်ရေးကော်မတီမှ အဖွဲ့ဝင် ကိုသန်းလှိုင်က နိရဥ္စရာကို ပြောသည်။
“လူတွေကိုတော့ official မခေါ်ရသေးပါဘူး။ ရခိုင်မှာ အားကစားသမားကောင်းလေးတွေပေါ်လာအောင်၊ စစ်တွေမှာ အဆင့်မြင့်တဲ့လိဂ်တစ်ခုပေါ်လာအောင်၊ နိုင်ငံတကာစင်မြင်ကိုမရောက်နိုင်တောင်မှ ထိုင်းတို့ကိုသွားကန်နိုင်တဲ့အဆင့်လောက်ဖြစ်အောင် ဒီနေရာကနေတဆင့် ဖြစ်နိုင်မလားလို့ ကြိုးစားကြည့်နေတာပါ”ဟု ပြောသည်။
ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းကို အနည်းဆုံး ၆ သင်းမှ ၁၀ သင်းအထိ လက်ခံမည်ဖြစ်ပြီး လျှောက်ထားရမည့် စည်းမျဉ်းစည်းကမ်းများနှင့် ချီးမြှင့်ပေးမည့်ဆုကြေးငွေများ အသေးစိတ်ကို သီတင်းကျွတ်လွန်မှ တရားဝင် ထုတ်ပြန်ကြေညာသွားမည်ဟု ဆိုသည်။
ကိုယ့်မြို့ကိုယ့်ပြည်တွင် ယခုလို အားကစားနှင့်ပတ်သက်ပြီး ပြိုင်ပွဲများကျင်းပနိုင်ပါက အားကစားသမားများလည်းပေါ်ထွန်းလာနိုင်ကြောင်း စစ်တွေမြို့နယ်၊ ကျေးတောရွာမှ လူငယ်တစ်ဦးက နိရဥ္စရာကို ပြောသည်။
“ဒီလိုပြိုင်ပွဲတွေလုပ်နိုင်ရင် အားကစားဝါသနာပါတဲ့လူငယ်တွေအတွက်လည်း အခွင့်ရေးကောင်းပါပဲ။ ဝါသနာရှင်တွေအတွက် အကျိုးရှိနိုင်မယ်ထင်တယ်”ဟု ပြောသည်။
အာရက္ခလိဂ်ဖြစ်မြောက်ရေးကော်မတီကို စစ်တွေမြို့တွင် လူငယ်များဦးဆောင်ကာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဖွဲ့စည်းထူထောင်ထားခြင်းဖြစ်သည်။ (NN-11)
Photo – Arrakha League
https://www.facebook.com/narinjara.info/posts/724011273099338