စစ်တွေကမ်းခြေက စားသောက်ဆိုင်များ မြေနေရာအစားထိုး တောင်းဆိုမှု ထူးခြားမလာသေး

(အတင်းဖြိုဖျက်ခံရသည့် ဆိုင်ခန်း ၁၀ ခုအတွက် ကျပ်သိန်း ၈၀၀၀ ခန့်ဆုံးရှုံးခဲ့ဟုဆို)

By Western News / 2023 October     16

ရခိုင်ပြည် စစ်တွေမြို့ရှိ စစ်တွေဟိုတယ်ကမ်းခြေမှ ဖြိုဖျက်ခံရသည့် စားသောက်ဆိုင်များအနေဖြင့် မြေနေရာ အစားထိုးရရှိရန် ပြည်နယ်စစ်ကောင်စီထံ တင်ပြတောင်းဆိုထားသော်လည်း ထူးခြားလာမှုမရှိသေးဟု ဖြိုဖျက်ခံရသည့် စားသောက်ဆိုင်ပိုင်ရှင်များက ပြောသည်။

စစ်တွေဟိုတယ်ကမ်းခြေမှ စားသောက်ဆိုင် ၁၆ ဆိုင်ထဲက ၁၀ ဆိုင်ကို ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်က အတင်းအတင်းဓမ္မ ဖြိုချက်ခံရပြီး ဆိုင်ခန်းများကို စစ်တပ်နှင့် ရဲတပ်ဖွဲဝင်များက လုံခြုံရေးယူကာ အင်အားသုံး ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်။

ဖြိုဖျက်ခံရမှုအတွက် ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် နိုင်ငံတော်အဆင့်အထိ မြေနေရာအစားထိုးချပေးရန် အသနားခံစာဖြင့် တင်ပြတောင်းဆိုထားသော်လည်း လက်ရှိတွင် တစ်စုံတစ်ရာထူးခြားမှု မရှိသေးကြောင်း ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောသည်။

“ဆိုင်ခန်းအဖြိုခံရပြီးနောက်ပိုင်း အသနားခံစာတင်ခဲ့ပါတယ်။ မြေနေရာ အစားထိုးပေးဖို့ရယ်နဲ့ တစ်ခြား ခက်ခဲတဲ့အကြောင်းလေးတွေ ပါတယ်။ ဝန်ကြီးချုပ်ကနေတစ်ဆင့် နိုင်ငံတော်အဆင့်ထိ တင်ပြတောင်းဆို ထားတာပါ။ အသနားခံစာက အခုထိတော့ ထူးလာတာမရှိသေးပါဘူး” ဟု ပြောသည်။

စားသောက်ဆိုင်ပိုင်ရှင်များမှာ ဆိုင်ခန်းများဖြိုဖျက်ခံရပြီးနောက်ပိုင်း မြေနေရာအစားထိုးပေးရန်ကိုလည်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သေးသည်။

စီးပွားရေးဖျက်ဆီးခံခဲ့ရ၍ မိသားစုများစားဝတ်နေရေးကို ငဲ့ညှာသည့်အနေဖြင့် မြေနေရာအစားထိုးတစ်ခုကိုသာ လိုအပ်လျှက်ရှိနေခြင်းဖြစ်သည်ဟု ဖြိုဖျက်ခံရသည့် ဆိုင်ခန်းပိုင်ရှင်များက ဆိုသည်။

“အဓိက ကတော့ မြေနေရာပဲ အစားထိုးတစ်ခုလိုချင်တာပါ။ သူတို့က ကျူး‌ကျော်လို့ သတ်မှတ်ထားတဲ့ ခုနေရာကလည်း အရင်ဝန်ကြီးချုပ်ကိုယ်တိုင်ချပေးခဲ့တဲ့နေရာပဲ။ ခုဖျက်ခံလိုက်ရတာက ဆိုင်ခန်းရယ်ပဲ မဟုတ်ပါဘူး။ အကုန်လုံးရဲ့ စားဝတ်နေရေးတွေပါနေပါတယ်။ ဒါကြောင့် မြေနေရာအစားထိုးတစ်ခုပဲ လိုချင်တာ ပါ။ ဖြိုရမယ်လို့ အကြောင်းကြားလာကတည်းကနေ မဖြိုဖို့ ဆန့်ကျင်ဖက်မလုပ်ခဲ့ပါဘူး။ မြေနေရာအစားထိုး ပေးဖို့ကိုပဲ ဦးတည်တောင်းဆိုခဲ့ကြတာပါပဲ” ဟုပြောသည်။

ပြည်နယ်စစ်ကောင်စီ ဖြိုဖျက်ဆီးခဲ့သည့် ဆိုင်ခန်း ၁၀ ခုအတွက် ဆိုင်ခန်းတစ်ခုလျှင် အနည်းဆုံး ကျပ်သိန်း ၈၀၀ ဆုံးရှုံးခဲ့ရပြီး စုစုပေါင်း ကျပ်သိန်း ၈၀၀၀ ခန့်ဆုံးရှုံးနစ်နာမှုရှိခဲ့သည်ဟု စားသောက်ဆိုင်ပိုင်ရှင်များက ပြောဆိုထားကြသည်။

ပိုင်ရှင်တစ်ဦးက “ကျမတို့ ဆိုင်မှာ ပြင်ဆင်ထားတာတွေက အဆင့်မြင့်တယ်။ ဆိုင်ရဲ့ အရှေ့၊ အတွင်း အလှပြင်ဆင်ထားတာတွေရှိတယ်။ အသုံးအဆောင်ပစ္စည်းတွေဆိုရင်လည်း ဖြိုဖျက်တာကို မြန်မြန်ဆန်ဆန် လုပ်နေကြတော့ မယူလိုက်ရတဲ့ဟာတွေရှိတယ်။ အနည်းဆုံး ကျပ်သိန်း ၈၀၀ လောက်ဆုံးရှုံးသွားတယ်”ဟု ပြောသည်။

ဖြိုဖျက်ခံခဲ့ရသည့် စစ်တွေဟိုတယ်ကမ်းခြေမှ စားသောက်ဆိုင်များမှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ရခိုင်ပြည်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကိုယ်တိုင် ပျံကျစျေးသည်များအား မြေနေရာအစားထိုး ချပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဆိုင်ခန်းပိုင်ရှင်များ၏ မြေနေရာအစားထိုးပေးရန် တောင်းဆိုမှုနှင့်ပတ်သက်၍ ပြည်နယ်စည်ပင်အား မေးမြန်းရာ ပြည်နယ်စစ်ကောင်စီသာ သိမည်ဟုဆိုသည်။ ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းအား Western News မှ ဖုန်းဆက်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

ရခိုင့်လူ့အခွင့်ရေးကာကွယ်မြှင့်တင်သူများအဖွဲမှ ဒါရိုက်တာ ဦးမြတ်ထွန်းကမူ နေအိမ်အဆောက်အအုံများ ဖယ်ရှားရမည့်ကိစ္စများတွင် မူလပိုင်ရှင်များနှင့်ညှိနှိုင်း၍ မြေနေရာအစားထိုးပြုလုပ်‌ပေးသင့်ကြောင်း ဆိုသည်။

စစ်တွေတက္ကသိုလ်သွားရာလမ်း မွတ်ဆလင်များနေထိုင်သော ဘုမေရပ်ကွက်ရှိ ကြက်ဈေးတန်းကိုလည်း မြို့နယ်စည်ပင်နှင့် ကျေးလက်ဖွံ့ဖြိုးရေးလမ်းဦးစီးဌာနတို့က လမ်းတိုးချဲ့မည်ဟုဆိုကာ ဖယ်ရှားခိုင်းနေကြောင်း ကြက်ရောင်းနေသော မွတ်ဆလင်များက ပြောဆိုကြသည်။

ရခိုင်တွင် မြို့အင်္ဂါရပ်နှင့်မကိုက်ညီခြင်း၊ လမ်းဧရိယာအတွင်း ကျူးကျော်ဆောက်လုပ်ထားခြင်း စသည့် အကြောင်းရင်းကြောင့်ဖြင့် ဖယ်ရှားခံရသည့် စျေးဆိုင်ခန်းနှင့် နေအိမ်အများအပြားရှိခဲ့ပြီး စစ်တွေမြို့တွင်ဆိုလျှင် မေယုလမ်းဖက်မှ ဆိုင်ခန်းအချိုနှင့် မြို့အဝင်က စျေးဆိုင်တန်းအချို့ ဖယ်ရှားခံရမှုရှိခဲ့သည်။

ယင်းအပြင် တောင်ကုတ်နှင့် အမ်းမြို့နယ်တို့တွင်လည်း လမ်းဧရိယာနှင့် မလွတ်ကင်း၍ဟုဆိုကာ လက်ရှိ ဖယ်ရှားခိုင်းထားသည့် နေအိမ်နှင့် အဆောက်အအုံများလည်းရှိပြီး အဆိုပါ နေရာများအား သက်ဆိုင်ရာလမ်းဦးစီးဌာနတို့မှ အကြောင်းကြားစာများ ပေးပို့ထားကြောင်း သိရသည်။

https://www.facebook.com/westernnewsagency/posts/764259099046852

Leave a Reply

Your email address will not be published.