စစ်တပ်က AA တပ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုဆက်ဖြစ်ပါက ရခိုင်တွင် တိုက်ပွဲများပြန်ဖြစ်နိုင်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခပြော

By Narinjara / 2023 October     12

မြန်မာစစ်တပ်က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) တပ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်သည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်လာပါက ရခိုင်တွင် တိုက်ပွဲများပြန်ဖြစ်သည့်အဆင့်ကိုရောက်သွားနိုင်ကြောင်း ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၉) ရက်၊ ည (၁၁)နာရီခွဲခန့်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ရက္ခိုင့်တပ်တော်(AA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ထပ်မံကျရောက်ပေါက်ကွဲ၍ AA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရပြီး (၁၀) ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် စက်တင်ဘာလ(၂၈) ရက်ကလည်း မြန်မာစစ်တပ်၏ ခါယာတောင်မှ ပစ်ခတ်လိုက်သော ၁၂၀ မမ၊ လက်နက်ကြီးကျည်သည် လိုင်ဇာရှိ AA မုန်လိုင်ခက်စခန်းအတွင်း ကျရောက်ပေါက်ကွဲ၍ AA မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦး ကျဆုံးသွားခဲ့ပြီး အလတ်စား၊ အပြင်းစား ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်ဟု ဦးခိုင်သုခက ပြောဆိုထားသည်။

ယခုကဲ့သို့ မြန်မာစစ်တပ်က AA တပ်စခန်းများကို ဦးတည်တိုက်ခိုက်မှုဖြစ်စဉ်များ ဆက်တိုက်ရှိလာသည့်အတွက် စစ်ရေးတင်းမာမှု မြင့်တက်လာသည့်အနေအထားရှိသည်ဟု ဦးခိုင်သုခက ပြောသည်။

“ပြောရမယ်ဆိုလို့ရှိရင် ၂၀၂၂ တကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားခဲ့တာဟာလည်း ကျနော်တို့ စစ်စခန်းတွေကို မြန်မာစစ်တပ်က ဦးတည်တိုက်ခိုက်တဲ့ဖြစ်စဉ်တွေနောက်ပိုင်းမှာ တင်းမာမှုတွေ ပိုမြင့်တက်လာပြီးတော့မှ နောက်ဆုံး တိုက်ပွဲတွေပြန်ဖြစ်တဲ့အဆင့်ကို ရောက်သွားခဲ့တာ ဖြစ်တယ်။ အခုလည်းပဲ မြန်မာစစ်တပ်ဘက်က ကျနော်တို့ တပ်စခန်းတွေကို ဦးတည်တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေများလာလို့ရှိရင်တော့ အခြေအနေကတော့ အပြောင်းအလဲတွေရှိလာနိုင်တာပေါ့”ဟု ပြောသည်။

လက်ရှိ နားလည်မှုနှင့် အပစ်ရပ်ထားသည့် ရခိုင်တွင် စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ငြိမ်းချမ်းနေသည့် အခြေအနေက အပြောင်းအလဲရှိလာနိုင်သည်ဟု ဆိုသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှစကာ ရခိုင်မှာ နှစ်ဘက်နားလည်မှုနှင့် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက AA တပ်စခန်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေမှုသည် တမင် ရန်စမှုဖြစ်သည်ဟုလည်း ရခိုင်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက သုံးသပ်သည်။

“သူတို့က မထိတရိ ရန်စတယ်လို့မြင်တာပေါ့နော်။ အေအေက ပြည်သူကိုကြည့်ပြီး အခြေအနေကိုထိန်းနေတယ်လို့တော့ မြင်ပါတယ်”ဟု ဆိုသည်။

မြန်မာစစ်တပ်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်ကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ၌ ရက္ခိုင့်တပ်တော်၏တပ်စခန်းတစ်ခုကို ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခဲ့ရာ AA တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးပြီး အများအပြားဒဏ်ရာ ရသွားခဲ့ရသေးသည်။

ယင်းနောက်ပိုင်းတွင် စစ်ကောင်စီနှင့် AA တို့ စစ်ရေးအခြေအနေတင်းမာလာခဲ့ပြီး တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (NN-7)

Photo – ULA/AA

https://www.facebook.com/narinjara.info/posts/720918296741969

Leave a Reply

Your email address will not be published.