By Western News / 2023 October 17
Western News| အောက်တိုဘာ ၁၇
စစ်တပ်ကို မုန်းတီးပြီး ပေါ်ပေါက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဆိုသည်မှာ ယနေ့အချိန်အထိ မရှိသေးကြောင်း နေပြည်တော်တွင် ကျင်းပခဲ့သည့် NCA ၈ နှစ်ပြည့် အခမ်းအနားတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောဆို လိုက်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA ၈ နှစ်ပြည့် အခမ်းနားမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကွန်မြူနစ်တွေဟာ အဲ့ဒီဒေသမှာရှိတဲ့ ရိုးသားတဲ့ တိုင်းရင်းသားတွေကို အတင်းအားဓမ္မ လူသစ်စုဆောင်းရုံသာမက အစိုးရ ဆန့်ကျင့်ရေး လူမျိုးစုလွတ်မြောက်ရေးစတဲ့ နိုင်ငံရေးမိုင်းတွေ သွေးထိုးခဲ့ကြပါတယ်။ ရိုးသားတဲ့ တိုင်းရင်းသားတွေအပေါ်မှာ နယ်ချဲ့တို့ရဲ့ နှစ်ပေါင်းများစွာ သွေးခွဲမှုက ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ လူမျိုးစုလွတ်မြောက်ရေးဆိုတဲ့ သွေးထိုးမှုတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ တစတစ ပေါက်ပေါက်လာခဲ့ရတာရှိပါတယ်။ တပ်မတော်ကို မုန်းတီးလို့ ပေါ်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဆိုတာ ယနေ့အချိန် အထိ မရှိသေးဘူး။ နိုင်ငံရေးအယူအဆ ကွဲလွှဲမှုတွေကို နိုင်ငံရေးနဲ့ မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ရာက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေရခြင်းသာဖြစ်ပါတယ်” ဟုပြောသည်။
ထို့အပြင် အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရကိုလည်း ပြစ်တင်ဝေဖန်မှုများ ပြောဆိုခဲ့ပြီး မဲမသာမာမှုကို အကြောင်းပြကာ လက်နက်ကိုင်သည့် အကြမ်းဖက်သော လမ်းစဉ်ကို ရွေးချယ်ခဲ့ကြောင်း ပြစ်တင် ပြောဆိုခဲ့သည်။
အလားတူ ပြည်ပနိုင်ငံတစ်ချို့ကို ပြစ်တင်ဝေဖန်မှုများပြုလုပ်ခဲ့ပြီး လက်နက်ကိုင် လမ်းစဉ်ကို သွေးထိုးမြှောက်ပင့်မှုများ ပြုလုပ်နေကြောင်းကိုလည်း အာဏာသိမ်းစစ်ကောင်စီက ပြောဆိုခဲ့သည်ကို တွေ့ရှိ ရသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ကြသည့် ကရင်အမျိုးသားအစည်းရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNFနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တို့ကမှု စစ်အာဏာရှင် စနစ်နှင့် အာဏာရှင်အရပ်သား အစိုးရပုံစံကို လက်ခံမည် မဟုတ်ကြောင်း ပူးတွဲထုတ်ပြန်ထားသည်။
စစ်ကောင်စီက ဦးစီးကျင်းပခဲ့သည့် NCA ၈ နှစ်ပြည့် အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့ တက်ရောက်ခဲ့ပြီး နိုင်ငံရေးပါတီတစ်ချို့နှင့် စစ်ကောင်စီ ထောက်ခံသည့် အဖွဲ့အစည်းတစ်ချို့တို့လည်း တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။
အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့အထိ စစ်အုပ်စုနှင့် ၎င်း၏ လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ ၄၁၄၈ ဦး ရှိခဲ့ပြီဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/764881022317993