By Western News / 2023 October 24
ရခိုင်ပြည် တောင်ကုတ်မြို့နယ်က ရရှိသော ဆင်ဖြူတော် (အထီး) “ရဋ္ဌနန္ဒက” မှာ ယခု အသက် ၁ နှစ် ၃ လအရွယ်တွင် အရပ်အမြင့် ၄ ပေအထိ ရှိလာပြီဟု သိရသည်။
ဆင်ဖြူတော် “ရဋ္ဌနန္ဒက” ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်က အသက် ၃၃ နှစ်အရွယ် ဆင်မဇာနန်းလှက မွေးဖွားပေးခဲ့ပြီး မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မနှင့် ကိုယ်လုံးလုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိခဲ့သည်။
လက်ရှိ သားတော်ဆင်ဖြူတော် “ရဋ္ဌနန္ဒက” မှာ အသက်တစ်နှစ်ကျော်အရွယ်တွင် အရပ်အမြင့် ၄ ပေရှိလာသည့်အပြင် ကိုယ်လုံးလုံးပတ် ၆ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၈၈၀ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ဆင်ဖြူတော် “ရဋ္ဌနန္ဒက” ကို မွေးဖွားပြီး ရက်ပိုင်းအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်သို့ ခေါ်ယူသွားပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၌ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့််သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
“ရဋ္ဌနန္ဒက” ဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်ကြောင်း သိရသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/769164021889693