By Western News / 2023 October 27

ရှမ်းပြည် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ AA, TNLA နှင့် MNDAA တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်များကို 1027 စစ်ဆင်ရေးဖြင့် တိုက်ခိုက်နေခြင်းကြောင့် ရခိုင်ပြည်တွင်လည်း စစ်ကောင်စီက လက်စားချေလာနိုင်၍ ရခိုင်စစ်မျက်နှာပြန်ပွင့်နိုင်ပြီး ပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြရန် နိုင်ငံရေးသုံးသပ်သူများက တိုက်တွန်းနေကြသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များကို ညီနောင်မဟာမိတ် ၃ ဖွဲ့က မြို့သိမ်းတိုက်ပွဲအထိ ဖော်ဆောင် နေကာ လက်ရှိတွင် လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ် MNDAA က ယနေ့နံနက်က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု သိရသည်။
ထိုသို့ တိုက်ခိုက်မှုတွင် ရက္ခိုင့်တပ်တော် AA က ပါဝင်တိုက်ခိုက်နေ၍ အာဏာသိမ်း စစ်ကောင်စီသည် လက်စားချေနိုင်ပြီး ရခိုင်စစ်မျက်နှာပြန်ပွင့်နိုင်ကြောင်းနှင့် ပြည်သူများအား စစ်ကောင်စီက ဒုက္ခပေးလာနိုင်၍ သတိထားနေထိုင်ကြရန် နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ပြောသည်။
“ရခိုင်မှာ AA က တိုက်ပွဲစဖော်မှာ မဟုတ်ဘူး။ ရှမ်းပြည်မြောက်ပိုင်းမှာတော့ ညီနောင်အဖွဲ့တွေနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးကို လုပ်နေကြတယ်။ အဲဒီတော့ စစ်ကောင်စီ လက်စားပြန်ချေလာနိုင်တယ်။ စစ်ကောင်စီက ရခိုင်ပြည်သူတွေကို ဒုက္ခပေးမယ်။ နှိပ်စက်လာနိုင်တယ်။ စစ်ကောင်စီက စရင်တော့ ရခိုင်မှာတိုက်ပွဲ ပြန်ဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိဂရုပြုပြီး သွားလာကြဖို့လိုအပ်ပါတယ်။ ပြီးတော့ ရှမ်းပြည်ဘက်က တိုက်ပွဲတွေကိုလည်း အချိန်နှင့်အမျှ နားစွန့်ပြီး ရခိုင်မှာ ပြန်ဖြစ်လာနိုင်ခြေရှိတဲ့ စစ်ပွဲကိုလည်း သတိထား စောင့်ကြည့်ဖို့ တိုက်တွန်းပါတယ်”ဟု ပြောသည်။
စစ်ကောင်စီ (မြန်မာစစ်တပ်) နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့သည် ရခိုင်ပြည်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ခေါင်းစဉ်ဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကနေ တိုက်ပွဲများ ရပ်တန့်ခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။
သို့သော်လည်း ရှမ်းပြည်ဘက်က တိုက်ပွဲများတွင် ရက္ခိုင့်တပ်တော်က အဓိက နေရာတစ်ခုတွင် စစ်ကောင်စီတပ်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းနေသောကြောင့် ရခိုင်မှာလည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနိုင်သည်ဟု စစ်တွေမြို့က လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦး သုံးသပ်သည်။
“အခု ညီနောင် မဟာမိတ်သုံးဖွဲ့ ကြေညာချက်မှာ တွေ့ရတာက စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် 1027 စစ်ဆင်ရေး လုပ်နေတယ်ပေါ့နော်။ ဒီနေ့စတယ်ပေါ့၊ ဒါပေမယ့် ဘယ်နေ့ ဘယ်ကာလမှာ ဆုံးမလဲမပါဘူး။ စစ်ဏာရှင်စနစ် အမြစ်မပြတ်သရွေ့ တိုက်ခိုက်နေမယ်ဆိုတဲ့သဘော နားလည်ရပါတယ်။ အဲဒီတော့ ရခိုင်မှာလည်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနိုင်ခြေရှိပါတယ်။ စစ်ကောင်စီဘက်ကလည်း ရှမ်းပြည်ဘက်မှာ အထိအခိုက်အကျဆုံးများရင်တော့ မကျေနပ်ချက်တွေနဲ့ ရခိုင်ပြည်မှာ တိုက်ပွဲတွေနဲ့ လက်တုံ့ပြန်နိုင်ပါတယ်။ ပြည်သူတွေကတော့ အထူးသတိထားဖို့ လိုအပ်တာပေါ့” ဟု ပြောသည်။
ရခိုင်ပြည်တွင် စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ၈ လကျော်ကတည်းက စစ်ရေးလှုပ်ရှား ဆောင်ရွက်မှုများရှိနေပြီး လက်နက်ကြီးစမ်းသပ်ပစ်ခတ်မှုကိုလည်း ဆက်တိုက်ပြုလုပ်နေကာ ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ခမရ ၅၅၀ မှ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မည်ဟု သိရသည်။
ရခိုင်စစ်မျက်နှာပြန်ပွင့်နိုင်ခြေ ရှိမရှိ ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခ အား Western News မှ ဆက်သွယ်နေဆဲဖြစ်၍ လတ်တလောတွင် ရက္ခိုင့်တပ်တော်၏ သဘောထားများကို မသိရှိရသေးကြောင်းနှင့် ဦးခိုင်သုခ၏ ယခင်ပြောဆိုချက်များတွင် စစ်ကောင်စီ၏ လှုပ်ရှားဆောင်ရွက်မှုများအားလုံးကို စောင့်ကြည့်နေပြီး ပြည်သူများအား ထိခိုက်အောင်ပြုလုပ်ခြင်းနှင့် အပစ်ရပ်ဘက်သဘောတူညီများကို အပြည့်အဝ အကောင်မထည်မဖော်ပါက တိုက်ပွဲဘက်သို့ ဦးတည်နိုင်ကြောင်း သတိပေးထားသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များကို ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်နေခြင်းတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA လည်း ပါဝင်တိုက်ခိုက်နေပြီး 1027 စစ်ဆင်ရေးကို မန္တလေး PDF ကလည်း ထောက်ခံထားကာ တောင်သမန်စစ်ဆင်ရေးဖြင့် စစ်အာဏာရှင်ချေမှုန်းရေးတွင် ပါဝင်မည်ဟု ယနေ့ ထုတ်ပြန်ထားသည်။
စစ်အာဏာရှင် ချေမှုန်းရေး Operation 1027 (စစ်ဆင်ရေး ၁၀၂၇) ပထမနေ့ နံနက်ပိုင်းတွင်ပင် ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ပြီး စစ်ကောင်စီတပ် စစ်စခန်း ၁၀ ခုထက်မနည်းကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/771097095029719