စစ်ကောင်စီ၏ NCA (၈) နှစ်ပြည့်အထိမ်းအမှတ်နေ့အား လုံးဝအသိအမှတ်မပြုကြောင်းALP ထုတ်ပြန်

(နှစ်ပေါင်းများစွာ သွေးစွန်းနေသည့် လက်ဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်၍ မရဟုဆို)

By Narinjara / 2023 October     15

စစ်ကောင်စီ၏ အနှစ်သာရမရှိတော့သည့် NCA (၈) နှစ်ပြည့် အထိမ်းအမှတ် နေ့အား လုံးဝအသိအမှတ် မပြုကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့က အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ NCA (၈) နှစ်ပြည့် နှစ်ပတ်လည်ပွဲကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC-II)တွင် အောက်တိုဘာ ၁၅ ရက်၌ ကျင်းပမည်ဖြစ်သော်လည်း ALP အနေဖြင့် လုံးဝအသိအမှတ်မပြုသလို အဖိနှိပ်ခံပြည်သူတစ်ရပ်လုံးနှင့် တစ်သားတည်းရပ်တည်ကာ စစ်အာဏာရှင် စနစ်နိဂုံးချုပ်ရေးအတွက် တော်လှန်သော အင်အားစုများနှင့်  လက်တွဲ၍ နည်းလမ်းပေါင်းစုံဖြင့် တော်လှန်သွားမည်ဟု ထုတ်ပြန်ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် NCA ၏ လုပ်ငန်းစဉ်များသည် ရပ်ဆိုင်းပြီးသားဖြစ်ကြောင်း၊ ယခု NCA နှစ်ပတ်လည်ပြုလုပ်ခြင်းမှာ နိုင်ငံတကာ၏ယုံကြည်မှုများရရှိအောင် လုပ်နေခြင်းသာဖြစ်ကြောင်း ALP ၏ အထွေထွေအတွင်းရေးမှူး ကိုကျော်ခိုင်က နိရဥ္စရာသို့ ပြောသည်။

“စစ်အာဏာသိမ်းပြီးနောက်မှာ NCA ရဲ့ လုပ်ငန်းစဉ်တွေအားလုံး ရပ်ဆိုင်းပြီးသားဖြစ်တယ်။ NCA က အသက်မဝင်တော့ဘူး။ အခုမှာ NCA (၈) နှစ်ပြည့် ဘာညာလုပ်နေတာက အဓိပ္ပာယ်မရှိတော့ဘူး” ဟု ပြောသည်။

တစ်ဖက်တွင် NCA ကို အကြောင်းပြပြီး အခြားတစ်ဖက်တွင် ပြည်သူများအပေါ် ဗုံးကြဲ သတ်ဖြတ်နေခြင်းသည် စစ်ကောင်စီအနေဖြင့် အမှန်တကယ်ငြိမ်းချမ်းရေးကို မလိုလားသည်မှာ အထင်အရှား မီးမောင်းထိုးပြနေကြောင်း ကိုကျော်ခိုင်က ဆက်ပြောသည်။

“တစ်ဖက်မှာ ငြိမ်းချမ်းရေး NCA ဆိုပြီးလုပ်နေတယ်။ တခြားဖက်မှာလည်း ကချင်အပါအဝင် နေရာတွေမှာ ဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်နေတာတွေကို တွေ့နေရတယ်။ ငြိမ်းချမ်းရေးကို ပြောနေပေမဲ့လည်း တစ်ဖက်မှာ မငြိမ်းချမ်းတဲ့ အလုပ်ကို လုပ်နေတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုလားလို့ အခုလိုလုပ်နေတာ မဟုတ်ဆိုတာကို အထင်အရှားကို မီးမောင်းထိုးပြနေတဲ့ သဘောဖြစ်တယ်” ဟု ပြောသည်။

နှစ်ပေါင်းများစွာ သွေးစွန်းနေသည့် လက်ဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်၍ မရသကဲ့သို့ ပြည်တွင်းတွင် ရှိသည့် နိုင်ငံရေးခေါင်းဆောင်များ၊ တော်လှန်ရေး ခေါင်းဆောင်းများနှင့် နိုင်ငံတကာကို လက်ဆက်၍ မရကြောင်း ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်၊ ညအချိန်က လိုင်ဇာမြို့၊ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ကလေးငယ် ၁ဝ ဦးအပါအဝင် စစ်ဘေးရှောင် ၂၈ ဦး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပြီး ၆ဝ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဉ်အား အပြင်းအထန်ရှုတ်ချပြီး ထိခိုက်သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုဝင်များ၊ ကချင်ပြည်သူများနှင့်ထပ်တူ အထူးဝမ်းနည်း ကြေကွဲရသည်ဟု ALP က ဆိုထားသည်။

စစ်ကောင်စီသည် မုန်လိုင်ခတ်ဖြစ်စဉ်ကဲ့သို့ နိုင်ငံအနှံ့တွင် ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူလူထုတရပ်လုံးကို တရားမဲ့တိုက်ခိုက်သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

တဖက်မှာလည်း အနှစ်သာရမရှိတော့သည် NCA အကြောင်းပြကာ ပြည်တွင်းအင်အားစုများကို သပ်လျှိုသွေးခွဲနေပြီး နိုင်ငံတကာ အသိအမှတ်ပြုမှုရယူရန် ကြိုးပမ်းလျက်ရှိကြောင်း ဖော်ပြသည်။

နိုင်ငံတကာအနေဖြင့်လည်း စစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများ အတွက် အမြန်ဆုံးထိရောက်စွာ အရေးယူပေးကြရန်နှင့် အသိအမှတ်ပြုဆက်ဆံမှုများ မပြုလုပ်ကြရန် အလေးအနက် တိုက်တွန်းသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ALP အတွင်း ခေါင်းဆောင်များအကြား သဘောထား ကွဲလွဲမှုများဖြစ်ကာ ခိုင်ရဲခိုင်ဦးဆောင်သောအဖွဲ့နှင့် စောမြရာဇာလင်းတို့ ဦးဆောင်သောအဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲသွားခဲ့သည်။

ခိုင်ရဲခိုင် ဦးဆောင်သောအဖွဲ့မှာ စစ်ကောင်စီအား မဟာမိတ်များနှင့် လက်တွဲကာ ဆက်လက် တော်လှန်တိုက်ခိုက်နေကြောင်း သိရှိရသည်။ 

https://www.facebook.com/narinjara.info/posts/722598676573931

Leave a Reply

Your email address will not be published.