စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ လိုင်ဇာရှိ AA စခန်းတွင်ကျရောက်ခဲ့ဟု ဦးခိုင်သုခပြော

By DMG / 2023 October             11

ပုံစာ – လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည့် မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းမြင်ကွင်း။

ကချင်ပြည်နယ်၊ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ် (KIA/KIO) ဌာနချုပ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းတွင် အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခွဲတွင် လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည့် တစ်ချိန်တည်းတွင် လိုင်ဇာရှိ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုအတွင်းသို့လည်း လက်နက်ကြီးကျည်များ ကျရောက်ခဲ့ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

“မနေ့က ညမှာ မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့သလို ကျနော်တို့ရဲ့ တပ်စခန်းကိုလည်း လက်နက်ကြီးတွေနဲ့ အစုလိုက်၊ အပြုလိုက် ပစ်ခတ်ခဲ့တာရှိတယ်” ဟု ၎င်းကဆိုသည်။

ရက္ခိုင့်တပ်တော် (AA) တပ်စခန်းအတွင်းသို့ လက်နက်ကြီးကျရောက်ခဲ့သဖြင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီတပ်မှ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သဖြင့် စစ်ရှောင်စခန်းတွင်းမှ ကလေးငယ် ၁၀ ဦးအပါအဝင် စစ်ရှောင်ပြည်သူ ၂၈ ဦး သေဆုံးခဲ့ပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏လုပ်ရပ်သည် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး တရာမျှတမှုနှင့် အမှန်တရားအတွက် ကချင်ပြည်သူလူထု၊ (KIO/KIA)နှင့်အတူ ရပ်တည်သွားမည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းသို့ လက်နက်ကြီးကျရောက်မှုမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KIA ဘက်ကလည်း ပြောဆိုထားသည်။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းပစ်ခတ်မှုမှာ မိမိတို့ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားကာ ဖြစ်စဉ်ကိုစုံစမ်းနေဆဲဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် ပြောဆိုသည်။

“ကျနော် အတိအကျပြောနိုင်တာတစ်ခုကတော့ အဲဒီနေရာဟာ KIA ရဲ့ မောင်းသူမဲ့လေယာဉ်သုံးပြီးတော့ ဒရုန်းလာချတဲ့ နေရာဖြစ်တယ်။ စစ်ကြောင်းတွေအပေါ်မှာ ဗုံးလာချတဲ့နေရာဖြစ်တယ်။ ဒီပေါက်ကွဲမှုဟာလည်း ဘာကြောင့်ဖြစ်တယ်ဆိုတာ စုံစမ်းနေဆဲပဲဖြစ်တယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

အခြားတစ်ဘက်တွင်လည်း စစ်ကောင်စီက ရက္ခိုင့်တပ်တော်၏ တပ်စခန်းများကို ပစ်ခတ်မှုများမှာ နှစ်ဖက်ကြားဆက်ဆံရေးကို ပျက်ပြားလာနိုင်ပြီး တင်းမာမှုပိုမိုမြင့်မားလာနိုင်ကြောင်း ဦးခိုင်သုခက ပြောသည်။

“အရင် ၂၀၂၂ ခုနှစ်က တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ခဲ့တာကလည်း ကျနော်တို့ တပ်စခန်းတွေကို မြန်မာစစ်တပ်က အခုလို ဦးတည်တိုက်ခိုက်လာတာကြောင့် တင်းမာမှုဖြစ်လာပြီး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ခဲ့တာဖြစ်တယ်။ အခုလည်း ဦးတည်တိုက်ခိုက်လာရင် တစ်ဖက်နဲ့တစ်ဖက်က ပိုပြီးတင်းမာမှုမြင့်တက်လာနိုင်တယ်” ဟု ၎င်းကပြောသည်။

မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း လက်နက်ကြီးကျရောက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး United Nations Myanmar က “IDP စခန်းတွေဟာ ဒုက္ခသည်တွေရဲ့ နေရာတွေဖြစ်ပြီး အရပ်သားတွေဟာ သူတို့ ဘယ်နေရာမှာပဲ ရောက်ရောက် ပစ်မှတ်မဖြစ်သင့်ပါဘူး” ဟု အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

မုန်လိုင်ခက်စစ်ရှောင်စခန်း လက်နက်ကြီးကျရောက်မှုနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကိုအောင်မင်းစိုးက “အဲဒီဘက်မှာ မြင်နေရတဲ့ အနေအထားတွေက အလွန်စိုးရိမ်စရာလို မြင်မိပါတယ်။ ဆေးရုံဆေးခန်းတွေ ရောက်မယ့်ဟာတောင် ဘယ်လိုအခြေအနေရှိမလဲဆိုတာကို တွေးပူမိပါတယ်” ဟု ပြောသည်။

#I003 #I006

https://www.facebook.com/dmgnewsagency/posts/712885410885058

Leave a Reply

Your email address will not be published.