By Western News / 2023 October 2

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ရှန်ထုန်းတောင်ပေါ်၌ တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ ၄၃၇ နှင့် ခမရ ၄၃၈ တပ်သားများ ရိက္ခာယူရန် ဆင်းလာစဉ် KIA နှင့် AA တို့ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား ၅ ဦးကို အရှင်ဖမ်းမိထားကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများထံမှ လက်နက်အများအပြားအလည်း ဖမ်းဆီးရမိထားကြောင်း KIA တပ်ရင်း ၂၅ က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၃၀ ရက်နေ့က ရိက္ခာယူရန် ဆင်းလာသော စစ်ကောင်စီတပ်သား ၁၀ ဦးကို KIA, AA တို့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်သား ၅ ဦးကို အရှင်းဖမ်းမိသည့်အပြင် စစ်ကောင်စီမှ တပ်သားတချို့ သေဆုံးခဲ့ခြင်းကြောင်း သိရသည်။
KIA သတင်းရင်းမြစ်က “ရှန်ထုန်းတောင်နဲ့ အလော့ဘွမ်တောင်ကုန်းအနီးမှာ KIA တွေက တပ်ဖြန့်ထား ပြီးသား။ စကစတွေက ရှန်ထုန်းတောင်ပေါ်မှာ ရိက္ခာပြတ်နေပြီ။ ပိတ်ဆို့ခံ ထားရတာ။ အဲဒါ စစ်ကြောင်းဆင်းလာတာနဲ့ ကြားဖြတ်တိုက်ခိုက်တယ်လို့ သိရတယ်။ ၅ ဦးမှာ ဗိုလ်ကြီး ၁ ဦး ပါတယ်။ စစ်ကြောင်းက ခမရ ၄၃၇ ၊ ခမရ ၄၃၈ ပူးပေါင်းစစ်ကြောင်းလို့ သိရတယ်။ သေသွားတဲ့ စစ်သားတချို့ ရှိတယ်။ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်သားများထံမှ လက်နက်များ သိမ်းဆည်းရာတွင် MA စီရီး သေနတ် ၅ လက်၊ ပစ္စတို ၁ လက်နှင့် ကျည်ဆန်များပါဝင်သည်။
အဆိုပါ တိုက်ပွဲနှင့်ပတ်သက်ပြီး AA ပြောခွင့်ရ ဦးခိုင်သုခက “တိုက်ပွဲကတော့ အတည်ပြုလို့ ရပါတယ်။ ကျနော်တို့ ရက္ခိုင့်တပ်တော်က မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တပ်ဖြန့်ထားတာတွေရှိပါတယ်။ ကျနော်တို့ ဒေသတွေကို စစ်ကောင်စီက ထိုးစစ်ဆင်လာလို့ရှိရင်တော့ တိုက်ပွဲဖြစ်တာတွေရှိပါတယ်”ဟု ပြောသည်။
ရက္ခိုင့်တပ်တော်သည် မဟာမိတ်တပ်ဖွဲ့များဖြင့် ပူးပေါင်းပြီး လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယန်ဒေသတွင် စစ်ကောင်စီနှင့် ကြိုကြားကြိုကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လကျော်ကြာမြင့်နေပြီဖြစ်ကြောင်း ဦးခိုင်သုခက ဆက်လက်ဆိုသည်။
စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၁၀ နာရီကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လိုင်ဇာမြို့အနီး ရက္ခိုင့်တပ်တော် တပ်စခန်းကို စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် AA မှ ဗိုလ်ကြီးအဆင့်ရှိသူ အရာရှိတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့လည်းရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးရှိ ဗိုလ်လောင်း သင်တန်းကျောင်းတစ်ခုကို မြန်မာစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ရပြီး ယင်းသေဆုံးမှုတွင် ရက္ခိုင့်တပ်တော် AA မှ ဗိုလ်လောင်း ၈ ဦး ပါဝင်ခဲ့သည်။
အလားတူ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေတပ်မဟာ (၅) ၌ ရက္ခိုင့်တပ်တော် AA ၏ တပ်စခန်းကို စစ်ကောင်စီမှ တိုက်လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။
https://www.facebook.com/westernnewsagency/posts/755646059908156