ဂွမြို့ ဒေါင်းချောင်း စစ်ဆေးရေးဂိတ်တွင် ကုန်ကားများထံမှ ငွေကျပ်တစ်သိန်းအထိ ဆက်ကြေးကောက်

By Western News / 2023 October     23

ပုံစာ – ဂွမြို့နယ်ရှိ ဒေါင်းချောင်းဌာနပေါင်းစုံစစ်ဆေးရေးဂိတ်အားတွေ့ရစဉ်။ (ဓါတ်ပုံ – MNP)

ရခိုင်ပြည်အဝင် ဂွမြို့အနီးရှိ ဒေါင်းချောင်းဌာနပေါင်းစုံစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုန်တင်ကားများထံမှ ငွေကျပ် တစ်သိန်းအထိ ဆက်ကြေးကောက်ခံနေကြောင်း စုံစမ်းသိရသည်။

မန္တလေး၊ ရန်ကုန်၊ ဧရာဝတီဘက်မှ လာသော ကုန်တင်ကားများ ကြီးသည်ငယ်သည်မရှိ မပေးမနေရစနစ်ဖြင့် ရဲ၊ စစ်တပ်နှင့် လဝကတို့က ပေါင်းပြီး ဆက်ကြေးတောင်းခံနေသည်ဟု အမည်မဖော်လိုသည့် ကုန်ကားသမားတစ်ဦးက ပြောသည်။

“မဖြစ်မနေ ပေးနေရတာ။ သူတို့တောင်းတဲ့ ငွေကြေးမပေးဘူးဆိုရင် ဖြတ်သန်းခွင့်မပေးဘူး။ ထိုရစ်ဒီရစ် လုပ်နေတာ။ ကားက ကြီးတာ၊ ငယ်တာမရှိဘူး။ အနည်းဆုံး ကျပ် တစ်သိန်းအထိ ပေးနေရတယ်။ အရင်က ကျပ် လေးသောင်းလောက်ပဲ ပေးရတာ။ ဒီသုံးလအတွင်းမှာ တစ်သိန်းအထိ ပေးလာရတယ်။ မပေးရင် ဖြတ်ခွင့်မရဘူးဆိုတော့ သူတို့ခေတ်ဆိုတော့ ပေးရတာပေါ့” ဟု ပြောသည်။

ဒေါင်းချောင်းစစ်ဆေးရေးဂိတ်သည် ဂွ-ငသိုင်းချောင်းလမ်းပေါ်တွင်ရှိပြီး သံထည်၊ အစားအစာနှင့် ဆေးဝါးများ သယ်ဆောင်လာသည့် ကားဆိုလျှင် ဆက်ကြေးငွေပိုတောင်းခံပြီး အစစ်အဆေးကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးကြောင်း ကုန်ကားသမားများကဆိုသည်။

“စစ်ဆေးရေးက အရမ်းတင်းကျပ်တာ။ ခရီးသည်ကားဆိုရင် မှတ်ပုံတင်က ပုံနဲ့ တိုက်ပြီးစစ်တာ။ ဘယ်သွားမှာလဲ ဘယ်ကလဲစသဖြင့် ဘာလုပ်မှာလဲ အစုံပဲ။ ကုန်ကားဆိုရင် လာတဲ့ ပစ္စည်းတွေကို ဘယ်မြို့ကို ပို့မှာလဲ။ ဘာတွေပါသလဲ။ စူးတွေနဲ့ ထိုးပြီးစစ်တာ။ ဘယ်သူပိုင်တာ။ နယ်လုံခွင့်ပြုချက်ပါသလား။ အဲလို တင်းကျပ်တော့ ညအိပ်ကျန်ခဲ့ရတဲ့ ကားတွေလည်းရှိတယ်။ ဒေါင့်ချောင်းဂိတ်တစ်ခုမဟုတ်ဘူး။ အမ်းမြို့အဝင်ဆို ပိုဆိုးတာ။ ခရီးက ကြန့်ကြာတာပေါ့” ဟု ပြောသည်။

အာဏာမသိမ်းမီက ဒေါင်းချောင်းစစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာနှင့် ရဲတပ်ဖွဲ့ဝင်များသာ ရှိခဲ့သော်လည်း လက်ရှိ တွင် စစ်တပ်ပါ တပ်စွဲပြီး နေရာယူ ဝင်ရောက်စစ်ဆေးနေခြင်းဖြစ်သည်။

အဆိုပါဂိတ်တွင် ဒေါင့်ချောင်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်၊ ခမရ-၅၆၂ တပ်က တပ်ကြပ်ကြီးဝင်းညွန့်နှင့်အဖွဲ့၊ ရဲ၊ စရဖ၊ သစ်တော၊ လဝက၊ အခွန်ဌာနနှင့် ငါးဦးစီးတို့က အဓိကတာဝန်ယူစစ်ဆေးနေပြီး ရလာသည့် ဆက်ကြေးငွေများကို အချိုးကျခွဲယူကြကြောင်း သိရသည်။

ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ၃၀ ကျော်ရှိပြီး ဂိတ်တိုင်းလိုလိုတွင် ကုန်ကားများမှာ ငွေကျပ် တစ်သောင်း အနည်းဆုံး ပေးနေရပြီး ဂွမြို့ ဒေါင့်ချောင်းဂိတ်နှင့် အမ်းမြို့အဝင်ဂိတ်မှာ အများဆုံးပေးနေရကြောင်း ကားသမားများက ပြောသည်။

ထိုသို့ စစ်ဆေးမှုရေးကြန့်ကြာမှုအခြေနေကြောင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့ ညက စစ်တွေမြို့နယ် ကြွီတဲပိုက်ဆိပ်ကြီးကျေးရွာမှ အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှာ စစ်တွေပြည်သူ့ဆေးရုံသို့အသွား လမ်းတွင်ပင် ဗိုက်ထဲက ကလေးငယ်ပါ အသက်သေဆုံးခဲ့ရသည်။

စစ်ကောင်စီဂိတ်များက တင်းတင်းကျပ်ကျပ် စစ်ဆေးမှုကြောင့် မလိုအပ်ဘဲ ခရီးကြန့်ကြာခြင်းနှင့် ဆက်ကြေးငွေများ ပေးနေရသည့်အတွက် ရခိုင်ပြည်သို့ ရောက်လာသော ကုန်ပစ္စည်းများမှာ ပုံမှန်ထက် ၅ ဆအထိ ဈေးမြင့်တက်သွားခြင်းဖြစ်သည်ဟု ကုန်ပစ္စည်းအရောင်းဆိုင်များက ပြောဆိုနေကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/768436191962476

Leave a Reply

Your email address will not be published.