ဂွကမ်းခြေတွင် လှေလုပ်သား မသန်စွမ်းလူငယ်တစ်ဦး ရေနစ်သေဆုံး

By Narinjara / 2023 October     8

ဓာတ်ပုံ – ထာဝရမေတ္တာ နာရေးကူညီမှုအသင်း

ရခိုင်ပြည်နယ်၊ ဂွမြို့ကမ်းခြေတွင် အောက်တိုဘာလ ၇ ရက် မနက်ပိုင်းက ကမ်းဆွဲပိုက်လှေလုပ်သား မသန်စွမ်းလူငယ်တစ်ဦး ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။

ရေနစ်သေဆုံးသွားသူမှာ ဂွမြို့၊ မြို့မရပ်ကွက်၊ ကမ်းခြေဦးအပိုင်းမှ ဦးသန်းမွှေး၏သား အငယ်လေး(၁၆) နှစ်ဖြစ်ကြောင်း သိရသည်။

သူသည် ယမန်နေ့မနက် ၈ နာရီက ကမ်းဆွဲပိုက်လှေကို ကျောက်စူးချပြီး ကမ်းသို့ဖော့ပုံးကိုတွယ်ဖက်၍ ရေကူးလာစဉ် ရုတ်တရက်ရေနစ်မြုပ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေဦးရပ်ကွက်ရာအိမ်မှူး ဦးစိုးလွင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ပိုက်အဖွဲ့ကလူတွေ လိုက်ဆယ်ပေမယ့် ရှာမတွေ့တော့ဘူး။ ကမ်းကို ပိုက်နဲ့ဆွဲပြီး ရှာတော့မှ အလောင်းကိုတွေ့တာ” ဟု ပြောသည်။

နံနက် ၁၀ နာရီခန့်တွင် အလောင်းကိုတွေ့ရှိခဲ့ပြီး လက်ရှိတွင် အလောင်းအား ဂွမြို့နယ်ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ရေနစ်သေဆုံးသွားသူသည် မွေးရာပါ အကြားအာရုံဆုံးရှုံးနေပြီး စကားလည်း မပြောနိုင်သည့် ဆွံ့အ နားမကြားလူငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။ (NN-23)

https://www.facebook.com/narinjara.info/posts/718222693678196

Leave a Reply

Your email address will not be published.