By Western News / 2023 October 13

ရခိုင်ပြည် ကျေက်ဖြူမြို့နှင့် တရုတ် ယူနန်ပြည် ကူးမြို့သို့ ဖောက်လုပ်မည့် တရုတ်ရထားလမ်းစီမံကိန်းကို ကျောက်ဖြူအထူးစီးပွားဇုန်နှင့် ချိတ်ဆက်သွားမည်ဟု စစ်ကောင်စီက ပြောကြားလိုက်သည်။
နေပြည်တော်တွင် ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့က မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေးကို ပြုလုပ်ရာတွင် စစ်ကောင်စီ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
ကျောက်ဖြူ-ကူမင်း ရထားလမ်းထဲတွင် မြန်မာနိုင်ငံက ပါဝင်မည့် ကျောက်ဖြူ-မန္တလေး-မူဆယ် ရထားလမ်းစီမံကိန်းကို မြန်မာ-တရုတ် နှစ်နိုင်ငံကြား ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ချိတ်ဆက်သွားမည်ဟု ဆိုသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ယင်းထဲဇုန်ထဲတွင် ပါဝင်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတို့ အောင်မြင်စွာ ပြီးစီးပါက နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမှု များစွာရှိကြောင်း စစ်ကောင်စီက ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို နှစ်အလိုက် ဆောင်ရွက်နေပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း စတင်နိုင်ရေးအတွက် စစ်ကောင်စီအနေဖြင့် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်၍ မြန်မြန်ဆန်ဆန် ဆောင်ရွက်နေကြောင်း သိရသည်။
ကျောက်ဖြူမြို့နှင့် တရုတ်ကူမင်းမြို့အထိ ဖောက်လုပ်မည့် ရထားလမ်း စီမံကိန်းအတွက် အမ်းမြို့နယ်တွင် မြေပြင်တိုင်းတာမှုများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တရုတ်ပညာရှင်များ လာရောက်ကာ GPS တိုင်းတာမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုထားကြသည်။
ကျောက်ဖြူ-ကူမင်းဆက်မည့် တရုတ်ရထားလမ်းမှာ ရခိုင်ပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှု မရှိနိုင်ဟု အမ်းမြို့ဒေသခံ သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူတစ်ဦးက ပြောသည်။
“ဘယ်နိုင်ငံပဲကြည့်ကြည့် တရုတ်ဝင်လာတဲ့ စီမံကိန်းတွေကြောင့် ဘယ်ဒေသခံ ဘယ်ပြည်နယ်မှ ဖွံ့ဖြိုးတိုးတက်တာ မရှိဘူး။ ကျောက်ဖြူမြို့မှရှိတဲ့ တရုတ်စီမံကိန်းတွေကိုပဲကြည့် ရခိုင်ပြည်က ဘာတွေ အကျိုးရသလဲ။ ဘာမှမရဘူး။ တရုတ်တွေပဲ အကျိုးရှိသွားတာ။ အခု ရထားလမ်းစီမံကိန်းကလည်း တရုတ်တွေရဲ့ ကုန်စည်ပို့ဆောင်အတွက်ပဲ။ ဒီရထားလမ်းက ကျည်ဆံရထားလို့ သိရပါတယ်။ တရုတ်က တိဗက်နဲ့ကုန်သွယ်ဖို့ ကျည်ဆံရထားလုပ်ပေးထားတယ်။ ကြားမှာ ဘူတာရုံတစ်ခုပဲ ရှိတယ်။ အကုန်လုံးကို အဝေးထိန်းခလုပ်နဲ့ ထိန်းချုပ်ထားတယ်။ တိဗက်က ကုန်စည်ပို့ဆောင်ခွင့်တွေ၊ သွားလာမှုတွေ ဘာမှမရဘူး။ တိဗက်မှာတောင် သဘာဝသယံဇာတတွေ၊ ယဉ်ကျေးမှုတွေပဲ ပျက်စီးသွားတယ်။ အခုလည်း ရခိုင်ပြည်က တရုတ်ရထားလမ်းဟာ ရခိုင်ပြည်အတွက် အကျိုးရှိမှာ မဟုတ်ဘူး။ ရခိုင်ပြည်က သဘာဝသံဇာတတွေကို ယူဖို့၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို လာကြမယ့် ဥရောပက ကုန်စည်တွေ၊ အာဖရိကဘက်က လာမယ့် ကုန်စည်တွေကိုသာ ဒီရထားလမ်းကနေ တရုတ်ကိုပို့ဖို့အတွက်ပဲ သုံးမှာဖြစ်တယ်” ဟု ပြောသည်။
အကယ်၍ ရထားလမ်းအောင်မြင်ပြီးစီးသွားပါက ရခိုင်ဒေသခံများအနေဖြင့် ယင်းရထားလမ်းကို အသုံးပြုပြီး ရခိုင်ပြည်က ထွက်ရှိသည့် ကုန်ပစ္စည်းများကို ပြည်မမြို့များသို့ တင်ပို့ခွင့်နှင့် ခရီးသွားလာခွင့် ရရှိမည်ဟု ထင်မြင်ယူဆနိုင်သော်လည်း မီးရထားက ကျည်ဆံရထားဖြစ်သည့်အတွက် တိဗက်မှာလို ဘူတာရုံကို နည်းနည်းသာထားရှိကာ အဝေးထိန်းခလုပ်များဖြင့် ထိန်းချုပ်ပါက ရခိုင်ပြည်၊ ရခိုင်လူထုအတွက် အကျိုးရှိနိုင်မည်မဟုတ်ဟု အဆိုပါ အမ်းဒေသခံက ဆိုသည်။
ကျောက်ဖြူ-ကူမင်းရထားလမ်းစီမံကိန်းနှင့် ပတ်သက်၍ ရခိုင်ပြည်အတွင်း ပြုလုပ်မည့် ရထားလမ်းပိုင်းများအတွက် တရုတ်အစိုးရသော်လည်းကောင်း၊ စစ်ကောင်စီအနေဖြင့်သော်လည်း ဒေသခံ ရခိုင်ပြည်သူများအား ရှင်းလင်းပြောဆိုခြင်း ယနေ့အချိန်အထိ မရှိသေးကြောင်း ကျောက်ဖြူဒေသခံများနှင့် အမ်းဒေသခံများက ပြောဆိုကြသည်။
အမည်မဖော်လိုသည့် အမ်းဒေသခံတစ်ဦးက “ဒီရထားလမ်းနဲ့ ပတ်သက်ပြီး အခုထက်ထိ စစ်ကောင်စီရော၊ တရုတ်တွေရော ဘာမှ အသေးစိတ်ရှင်းပြတာ မရှိသေးဘူး။ ဘယ်လိုလုပ်မယ် ဘယ်နေရာတွေက ဖြတ်မယ် စသဖြင့်ပေါ့။ တရုတ်တွေကလည်း စစ်ကောင်စီနဲ့ အာဏာပိုင်တွေနဲ့ ပြီးရင် ပြီးရောပုံစံမျိုးနဲ့ လုပ်နေတယ်။ ဒေသခံတွေရဲ့ သဘောထားတွေ မလိုအပ်ဘူးပေါ့။ ရထားလမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရလုပ်ရင်တော့ နောက်ပိုင်း ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေကို ခံရမှာ ဖြစ်တယ်။ ဒီမြေ ဒီရေတွေက ဒေသခံ ရခိုင်ပြည်သူတွေ ပိုင်တဲ့အတွက် တရုတ်တွေအနေနဲ့ စီမံကိန်း တစ်ခုခု ပြုလုပ်မယ်ဆိုရင် ရခိုင်ပြည်သူတွေအပေါ်မှာ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ဒေသခံတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ကြုံရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်တွင် တရုတ်မှ စီမံကိန်းများ ဒေါ်လာဘီလီယံပေါင်းများစွာဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသော်လည်း အထူးသဖြင့် ကျောက်ဖြူမြို့က တရုတ်စီမံကိန်းများကြောင့် ယနေ့အချိန်အထိ ရခိုင်ပြည်၏ ဖွံ့ဖြိုးရေးအတွက် တစ်စုံတစ်ရာ အကျိုးမရှိသေးကြောင်း ကျောက်ဖြူဒေသခံ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက ပြောသည်။
“ရထားလမ်းစီမံကိန်းက ဒေသခံတွေအတွက် အကျိုးပြုနိုင်ရင်တော့ ကောင်းတာပေါ့။ တကယ်လို့ ဒေသခံတွေ အကျိုးဘာမှမပါဘဲ တရုတ်တွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းမယ်ဆိုရင်တော့ ဒေသခံတွေအနေနဲ့ လက်မခံသင့်ဘူး။ ကျောက်ဖြူမှာ တရုတ်စီမံကိန်းတွေ အများကြီးရှိတယ်။ အောက်ခြေ သန့်ရှင်းလုပ်သားလောက်ပဲ အလုပ်ရပြီး အဓိက နေရာတွေမှာ အလုပ်ရကြတာမဟုတ်ဘူး။ ရခိုင်ပြည်ရဲ့ ဖွံ့ဖြိုးရေးပိုင်းတွေမှာလည်း တရုတ်က ဘာတစ်ခုမှ လုပ်ပေးထားတာမရှိဘူး။ အဲဒီတော့ တရုတ်တွေ ရခိုင်ပြည်ထဲမှာ စီမံကိန်းတွေလုပ်နေကြတာ နှစ်ပေါင်း မနည်းတော့ဘူး။ အခုအချိန်အထိ ဘာတစ်ခုမှ အကျိုးရှိတာ မဟုတ်ဘူး” ဟု ပြောသည်။
ရခိုင်ပြည်အတွင်း တရုတ်စီမံကိန်းများထဲတွင် အထူးသဖြင့် တရုတ်ကျိုးစီးပွားဖွံ့ဖြိုးရေးတွင် ရက္ခိုင့်တပ်တော် ULA/AA ကလည်း အကာကွယ်ပေးနေကြောင်း ရခိုင်အရေး သုံးသပ်သူတစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ နှစ်လလောက်က ရက္ခိုင့်တပ်တော်ပါတဲ့ မဟာမိတ်အဖွဲ့က စတိတ်မန့်ထုတ်ထားတာရှိတယ်။ ကချင်ပြည်နယ်အတွင်း တရုတ်စီမံကိန်းတွေကို ဒေသခံတွေအနေနဲ့ မဆန့်ကျင်ဖို့၊ မဖျက်ဆီးဖို့ သတိပေးထားတာရှိတယ်။ တရုတ်စီမံကိန်းတွေကို နှောက်ယှက်ရင် အရေးယူခံရမယ်လို့ ပြောထားတယ်။ အဲဒီတော့ ရခိုင်ပြည်ထဲက တရုတ်စီမံကိန်းတွေကို မကန့်ကွက် မနှောက်ယှက်ဖို့ ပြောသလိုပါပဲ။ ရခိုင်ပြည်က တရုတ်စီမံကိန်းတွေကို AA က အကာအကွယ်ပေးထားတယ်လို့ ဆိုလိုတာပဲ။ ရထားလမ်းစီမံကိန်းအပါအဝင် ရခိုင်ပြည်ထဲက တရုတ်စီမံကိန်းနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ULA/AA က ပွင့်လင်းမြင်သာမှု ရှိဖို့လိုအပ်ပါတယ်။ ULA/AA အနေနဲ့ တရုတ်စီမံကိန်းတွေကို ဘယ်လိုကိုင်တွေနေသလဲ။ ရခိုင်ပြည်အတွက် ဘယ်လို အကျိုးရှိနေသလဲဆိုတာကို ပြောပြသင့်တယ်”ဟု ပြောသည်။
ရထားလမ်းစီမံကိန်းကြောင့် ရခိုင်ပြည်ထဲက သဘာဝသယံဇာတများ ပိုမိုဆုံးရှုံးရမည်ဆိုပါက ဒေသခံများအနေဖြင့် အချိန်မီ ကန့်ကွက်ဆန့်ကျင်သင့်ကြောင်း အမ်းဒေသခံများက တိုက်တွန်းနေကြသည်။
ကျောက်ဖြူ-မန္တလေး ရထားလမ်းစီမံကိန်းမှာ တရုတ်နိုင်ငံ ကူမင်းမြို့မှတစ်ဆင့် ရှမ်းမြောက် မူဆယ်ကိုဖြတ်ကာ မန္တလေးနှင့် ကျောက်ဖြူကို တိုက်ရိုက် ကုန်သွယ်ရန် ဖောက်လုပ်နေခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ စီမံကိန်းကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် နှစ်ဖက်အစိုးရကြား နှစ်ဖက်နားလည်မှု စာချွန်လွှာ (MOU) လက်မှတ် ရေးထိုးခဲ့ကြပြီး ၂၀၁၄ ခုနှစ်တွင် MOU သက်တမ်း ထပ်မတိုးခဲ့သည့်အတွက် ရပ်နားခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ် ၃၃ ခုအနက် အဆိုပါရထား လမ်းစီမံကိန်းလည်း ပါဝင်ခဲ့သည်။
ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းသည် တရုတ်အစိုးရ၏ ရပ်ဝန်းနှင့် လမ်းမစီမံကိန်း Belt and Road Initiative (BRI) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ယင်းစီမံကိန်းတစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ကုန်ကျမည်ဟု ခန်းမှန်းထားသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/762287969243965