By Narinjara / 2023 October 11
တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတည်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ဆက်သွယ်ဖောက်လုပ်မည့်ရထားလမ်းစီမံကိန်းထဲမှ ကျောက်ဖြူ-မန္တလေးလမ်းပိုင်းအတွက် မြေနေရာတိုင်းတာမှုများကို လာရောက် ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယင်းသို့မြေတိုင်းတာမှုကို အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်တွင် အမ်းမြို့နယ်မှ ကျေးရွာအုပ်စု ၃ ခုတွင် လာရောက်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသားများနှင့် အတူ လုံခြုံရေးယူပေးသည့် ရဲတပ်ဖွဲ့ဝင်များလည်း အတူလိုက်ပါလာခဲ့သည်ဟု သိရသည်။
အမ်းမြို့နယ်၊ စနဲကျေးရွာ ဒေသခံတစ်ဦးက “သူတို့ ကားနှစ်စီးနဲ့လာတာပါ။ ကျောက်ဖြူက လာတာလို့ ပြောတယ်။ မြေတိုင်းဖို့လာတာလို့ပြောတယ်။ ရဲ ၁၀ ယောက်လောက်က လုံခြုံရေးယူပြီးလိုက်လာတယ်။ မြေတိုင်းတဲ့အဖွဲ့မှာက သုံးယောက်လောက်ပဲပါတယ်။တရုတ်တွေလို့ထင်တယ်။ ပြီးတော့ GPS နဲ့တိုင်းသွားကြတယ်” ဟု နိရဥ္စရာသို့ပြောသည်။
အဆိုပါတရုတ်နိုင်ငံသားများပါဝင်သည့် အဖွဲ့သည် အမ်းမြို့နယ်၊ စနဲကျေးရွာအုပ်စု၊ မွားကျေးရွာအုပ်စု၊ တန်းတင်ကျေးရွာအုပ်စုများရှိ ကားလမ်းတစ်လျှောက် လာရောက်ပြီး ရထားလမ်းဖောက်လုပ်မည့်နေရာများကို မြေပြင်တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သူကပြောသည်။
ဩဂုတ်လ ၂၅ ရက်နေ့ စစ်ကောင်စီ၏ စီးပွားရေးရာကော်မတီ အစည်းအဝေးတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ မန္တလေးသို့ မီးရထားလမ်းဖောက်လုပ်ရေး လုပ်ငန်းကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖောက်လုပ်ပြီးစီးပါက ကုန်စည်စီးဆင်းမှုများ ပိုမိုတိုးတက်လာမည်ဟု ပြောဆိုခဲ့သည်။
ယင်းရထားလမ်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသဖြင့် စီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညွှန်ကြားခဲ့သည်။
ယင်းနောက်ပိုင်းတွင် ယခုကဲ့သို့ ရထားလမ်းစီမံကန်းအတွက် မြေနေရာ တိုင်းမှုများကို တရုတ်ကပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။
ယခုအကောင်အထည်ဖော်လာနေသည့် ရထားလမ်းစီမံကိန်းအပါအဝင် ရခိုင်ပြည်ထဲမှတရုတ်၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများမှာ ဒေသခံပြည်သူများ၏ အခွင့်အရေးများကိုလျစ်လျူရှုပြီး ၄င်းတို့၏အကျိုးစီးပွားကို အဓိက ဦးတည်လုပ်ဆောင်သည်ကိုသာ တွေ့ရကြောင်း အမ်းမြို့နယ်မှ သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူလူငယ်တစ်ဦးက နိရဥ္စရာသို့ပြောသည်။
“ရှေ့မှာလည်း သူတို့ အကောင်အထည်ဖော်ခဲ့တဲ့စီမံကိန်းတွေရှိတယ်။ တရုတ်- မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းဆိုရင်လည်း ရခိုင်ပြည်ထဲကထွက်တဲ့ သယံဇာတပါပဲ။အဓိကက ပြည်နယ်တစ်ခုမှာရှိတဲ့ သယံဇာတဟာ ပြည်သူတွေ အကျိုးခံစားခွင့်ပထမဖြစ်ရမယ်။ ရခိုင်ပြည်ထဲကထွက်တဲ့ သယံဇာတကို သူတို့သည် ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ ရခိုင်ပြည်သူတွေကို အကျိုးခံစားခွင့် မပေးတဲ့အပြင် စီမံကိန်းဖြတ်သန်းတဲ့တစ်လျှောက်မှာလည်း သဘာဝအရင်း အမြစ်တွေ၊ ပြီးတော့ ဒေသခံပြည်သူတွေရဲ့ အသက်မွေး ဝမ်းကျောင်းတွေကို လူမှုဘဝစီးပွားထိခိုက်မှုတွေ တောက်လျှောက် လုပ်သွားတယ်လေ။ အဓိကတော့ သူတို့က အစိုးရခွင့်ပြုရင်ဖြစ်ပြီဆိုတဲ့ပုံစံမျိုးနဲ့ လုပ်သွားတာတွေ တွေ့ရတယ်ဆိုတော့ အခုစီမံကိန်းကလည်း သဘာဝပတ်ဝန်းကျင်ကို အများကြီးထိခိုက်ပျက်စီးသွားနိုင်တယ်။ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း အရင်း အမြစ်တွေလည်းအများကြီး ဆုံးရှုံး သွားနိုင်တယ်”ဟု ပြောသည်။
ယင်းအပြင် တရုတ်၏ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းအတွင်း ရခိုင်လယ်သမားများ၏လယ်မြေများပျက်စီးဆုံးရှုံးမှု၊ လျော်ကြေး ငွေအပြည့်အဝမရရှိမှု၊လျော်ကြေးငွေအဆမတန် နည်းပါးမှုတို့ကြောင့် ယခုရထားလမ်းစီမံကိန်းတွင်လည်း လယ်မြေများဆုံးရှုံးမည်ကို စိုးရိမ်မှုများရှိနေကြသည်။
အမ်းမြို့ခံ သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူလူငယ်က “အခုစီမံကိန်းထဲမှာ ကျွန်တော်တို့အဓိကစိတ်ပူရတာက ဒီစီမံကိန်းသာ ပြီးသွားလို့ရှိရင် တရုတ်ပြည်ကလူတွေအများကြီး စီးဆင်းလာပြီးတော့ ကျနော်တို့ဒေသမှာရှိတဲ့မြေတွေကိုအလုံးအရင်းနဲ့ဝယ်ပြီး အဆောက်အဦတွေဆောက်ပြီး လွှမ်းမိုးလာမှာကိုပဲ။ နောက်ပိုင်းမှာသူတို့ဆီက အလုပ်အကိုင်အခွင့်အလမ်းရဖို့ သူတို့ရဲ့ဘာသာစကားတတ်ဖို့လိုတယ်။သူတို့ရဲ့စာတွေတတ်ဖို့လိုတယ်။အဲဒီလိုစံနှုန်းတွေကို ရမှသူတို့ဆီက အလုပ်အကိုင်အခွင့်အလမ်းရနိုင်မယ်ဆိုတာမျိုးဖြစ်သွားနိုင်တယ်” ဟု ပြောသည်။
ကျောက်ဖြူ-မန္တလေး ရထားလမ်းစီမံကိန်းမှာ တရုတ်နိုင်ငံ ကူမင်းမြို့မှတစ်ဆင့် ရှမ်းမြောက် မူဆယ်ကိုဖြတ်ကာ မန္တလေးနှင့် ကျောက်ဖြူကို တိုက်ရိုက် ကုန်သွယ်ရန် ဖောက်လုပ်နေခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် နှစ်ဖက်အစိုးရကြား နှစ်ဖက်နားလည်မှု စာချွန်လွှာ (MOU)လက်မှတ် ရေးထိုးခဲ့ကြပြီး ၂၀၁၄ ခုနှစ်တွင် MOU သက်တမ်း ထပ်မတိုးခဲ့သည့်အတွက် ရပ်နားခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ် ၃၃ ခုအနက် အဆိုပါရထား လမ်းစီမံကိန်းလည်း ပါဝင်ခဲ့သည်။
ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းသည် တရုတ်အစိုးရ၏ ရပ်ဝန်းနှင့် လမ်းမစီမံကိန်း Belt and Road INitative (BRI)၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ယင်းစီမံကိန်းတစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ကုန်ကျမည်ဟု ခန်းမှန်းထားကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/720323243468141