By Narinjara / 2023 October 14

တရုတ်၏ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်သည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ဒေသခံများနှင့်နိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းနိုင်မည်ဟုဆိုကာ အချိန်တိုအတွင်း ပြီးပြတ်အောင် စီမံကိန်းလုင်းငန်းများ စတင်ဆောင်ရွက်ရန် စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုက်တွန်းပြောဆိုလိုက်ပြန်သည်။
အောက်တိုဘာလ ၁၂ ရက်က နေပြည်တော်တွင် ကျင်းပသည့် မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို အဖွဲ့အစည်းအဝေးတွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျောက်ဖြူ စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အရေးပါပြီး ဒေသခံများနှင့် နိုင်ငံတော်အတွက် အ ကျိုးများစွာ ဖြစ်ထွန်းနိုင်သည့်အတွက် အောင်မြင်အောင် အကောင်အထည်ဖော်ရန်လိုကြောင်း၊ ရေနက်ဆိပ် ကမ်းစီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် မြန်မာ-တရုတ် စီးပွားရေး စင်္ကြန် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်စေနိုင်မည်”ဟု ပြောဆိုခဲ့သည်။
ထို့အပြင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် အထောက်အကူပြုမည့် ကျောက်ဖြူ-မန္တလေး-မူဆယ်ရ ထားလမ်း စီမံကိန်းကိုလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ် လျက်ရှိပြီး လုပ်ငန်းများပြီးစီးပါက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာမည်ဟု လည်း ပြောဆိုခဲ့သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းမှာ ဒေသခံများအတွက် အကျိုးရှိမည်ဟု အုပ်ချုပ်သူအစိုးရ အဆက် ဆက်က ပြောဆိုနေသော်လည်း လက်တွေ့မြေပြင်တွင် ဒေသခံများပိုင်ဆိုင်သည့် လယ်ယာမြေများသိမ်းဆည်း ခံရမှု၊ သဘာဝပတ်ဝန်းကျင်ထိုခိုက်မှုနှင့် ဒေသခံများသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်မှုများနှင့်သာ ကြုံတွေ့နေကြရသည်ဟု ဒေသခံများက ပြောသည်။
“အခုစီမံကိန်းကလည်း သဘာဝပတ်ဝန်းကျင်ကို အများကြီး ထိုခိုက်ပျက်စီးသွားနိုင်တယ်။ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း အရင်းအမြစ်တွေလည်း အများကြီး ဆုံးရှုံးသွားနိုင်တယ်”ဟု ယခုရက်ပိုင်းအတွင်း ကျောက်ဖြူ-မန္တလေး-မူဆယ်ရ ထားလမ်း စီမံကိန်းတွင်ပါဝင်သည့် ကျောက်ဖြူ-မန္တလေး ရထားလမ်းပိုင်းအတွက် အမ်းမြို့နယ်တွင် တရုတ်နိုင်ငံသားအချို့ မြေနေရာလာရောက်တိုင်းတားခဲ့သည့်အပေါ် ဒေသခံလူငယ်တစ်ဦးက နိရဥ္စရာကို ပြောဆိုထားသည်။
ထို့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းများ အမြန်ဆုံးစတင်နိုင်ရေးအတွက် နှစ် ဘက် ကြိုတင်ဖြည့်ဆည်းရမည့်အချက်များကို ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံပိုင်ကော်ပိုရေးရှင်း (China International Trust Investment Corporation-CITIC)ဦးဆောင်သည့် ကုမ္ပဏီအုပ်စုကို ၂၀၁၅ ခုနှစ်တွင် သမ္မတဟောင်းဦးသိန်းစိန်အစိုးရက ခွင့်ပြုခဲ့သည်။
စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး တရုတ်နိုင်ငံက ၈၅ ရာခိုင်နှုန်း၊ မြန်မာက မြေငှားခအဖြစ် ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်ရန် သဘောတူခဲ့သော်လည်း NLD အစိုးရလက်ထက်တွင် ရှယ်ယာခွဲဝေမှုကို ပြန်လည်ပြင်ဆင်ခဲ့သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ ဟိုတယ်ဇုန်နှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဇုန်များပါ အဝင်ပြီး မြေဧက ၄၀၀၀ ကျော်တွင် အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော်ရန် စီစဉ်ထားခြင်းဖြစ်သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်းများကို ကျောက်ဖြူမြို့နယ်ရှိ မဒေးကျွန်းတွင် မီတာ ၂၅၀၀ အကျယ်နှင့် အနံ မီတာ ၆၀၀ ရှိသည့် ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းတွင် မီတာ ၁၅၀၀ အကျယ်နှင့် မီတာ ၆၀၀ အနံရှိသည့် ဆိပ်ကမ်း စသည်ဖြင့် တည်ဆောက်မည်ဟု သိရသည်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ကို အမြန်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်ကြရန် ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်က စစ်ကောင်စီဥက္ကဋ္ဌရုံးတွင်ပြုလုပ်သည့် နိုင်ငံတော်စီးပွားရေးရာကော်မတီအစည်းအဝေး၌ တိုက်တွန်းသွားခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်ကလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်နေရာသို့ သူကိုယ်တိုင်သွားရောက်၍ စီမံကိန်းနှင့်ဆက်စပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ် အထက်ပါအတိုင်း တိုက်တွန်းသွားခဲ့သည်။
ယင်းနောက် ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်ရေးနှင့်ပတ်သက်၍ Myanmar Survey Research (MSR) ကုမ္ပဏီက ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရှိ ကျေးရွာအချို့သို့ ၅ ရက်ကြာလာရောက်ပြီး သဘောထားကောက်ခံမေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများက နိရဥ္စရာသတင်းဌာနသို့ ပြောဆိုထားသည်။ (NN-14)
https://www.facebook.com/narinjara.info/posts/721975049969627