ကျောက်တော်တွင် စိတ်ဝေဒနာရှင် အမျိုးသမီး တစ်ဦး အဓမ္မ ပြုကျင့်ခံရ၊ ကျူးလွန်သူအား ULA/AA မှ ဖမ်းဆီးထား

By Western News / 2023 October     18

ရခိုင်ပြည် ကျောက်တော်မြို့နယ် လိပ်မကျေးရွာတွင် အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦးက စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ကျေးရွာအတွင်း နေထိုင်သူများက Western News ကို ပြောသည်။

ယင်းဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်ခံရသူ အမျိုးသမီးမှာ အသက် ၂၂ နှစ်အရွယ် မွေးရာပါ စိတ်ဝေဒနာရှင် တစ်ဦးဖြစ်ကြောင်း ပြုကျင့်ခံရသူ မိသားစုဝင်တစ်ဦးက ပြောသည်။

“မနက်ပိုင်း လယ်တောဖက်ကိုသွားတုန်း အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့ရာကနေဖြစ်တာပါ။ သူကမွေးကတည်းက စိတ်ဝေဒနာသည်ပါ။ ကျူးလွန်တဲ့သူက လည်း တစ်ခြားသူမဟုတ်ပါဘူး။ အိမ်နီးနားချင်းပဲ။ အိမ်သားတွေမရှိရင် သူ့ကိုထိန်းပေးနေကျပါ။ ဖြစ်သွားတာ ယုံတောင်မယုံနိုင်ဘူး” ဟုပြောသည်။

ကျူးလွန်သူမှာ တစ်ရွာတည်းနေ အိမ်နီးနားချင်း အသက် ၆၆ နှစ်အရွယ် ဦးညီလှမောင်ဆိုသူဖြစ်ပြီး ၎င်းကို ယမန်နေ့ အောက်တိုဘာ ၁၇ ရက်က ULA/AA မှ ရဲတပ်ဖွဲ့များက လာရောက်ဖမ်းဆီးသွားပြီ ဖြစ်သည်ဟု လိပ်မကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြာပန်းက ပြောသည်။

“အစက မိသားစုဝင်တွေက မတိုင်ရဲတော့ ခုလိုတွေကြာသွားတာပါ။ ကျူးလွန်သူဟာ ဦးညီလှမောင်ဆိုတာလည်း သေချာပါတယ်။ ဒီလူက ဒီလိုကိစ္စမျိုးအရင်ကတော့ မရှိဖူးပါဘူး။ အခုမိသားစုဝင်တွေက တိုင်တန်းလာတော့ ULA ဖက်ကနေ ကျူးလွန်သူကို မနေ့ကဖမ်းသွားပါတယ်” ဟုပြောသည်။

ဦးညီလှမောင် ကျူးလွန်သည်ဆိုသည်ကို ကျေးရွာမှ အမျိုးသမီးမျက်မြင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိသားစုများလည်း ကျေနပ်မှုမရှိ၍ ရက္ခိုင့်တပ်တော် ULA/AA သို့ ယခုရက်ပိုင်းတွင်း တိုင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ထို့အပြင် ကျူးလွန်သူ ကာယကံရှင် ကိုယ်တိုင်ကလည်း ကျူးလွန်ကြောင်းကို ULA/AA ထံ ဝန်ခံထားသည်ဟု အုပ်ချုပ်ရေးမှူးကဆက်လက် ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရက္ခိုင်တပ်တော် AA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခ ဆက်သွယ်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ပေါက်တောမြို့နယ် ငရီချိုင်ကျေးရွာတွင် အသက် ၂၈ နှစ်အရွယ် မသန်စွမ်း အမျိုးစသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုရှိခဲ့ပြီး ကျူးလွန်သူအား ULA မှ ဖမ်းဆီးသွားမှုရှိခဲ့သည်။

ယခုကဲ့သို့ မုဒိမ်းမှုများပြားလာခြင်းအပေါ် အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ရခိုင်အမျိုးသမီး ရှေ့ဆောင်အဖွဲ့မှ ဒေါ်စောစံငြိမ်းသူက ဥပဒေစိုးမိုးမှုလျှော့နည်းလာခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြောဆိုထား သည်။

“ပထမတစ်ချက်က နိုင်ငံဒေသအတွင်းမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့လက္ခဏာကိုပြနေတာဖြစ်တယ်။ နောက်တစ်ချက်ကတော့ တောက်လျှောက်ကျူးလွန်မှုတွေ ဖြစ်နေတယ်။ ကျူးလွန်မှုဖြစ်တိုင်း ဒေသတွင်းတင်မက နိုင်ငံအတိုင်းအတာအနေနဲ့ သိရှိခဲ့တဲ့အမှုကိစ္စတွေရှိခဲ့ပေမယ့် အဓိကကထိထိရောက်ရောက် အရေးယူဆောင် ရွက်နိုင်မှုမရှိတဲ့ အခြေနေမျိုးဖြစ်နေတယ်။ ဒါဟာကျူးလွန်သူတွေကို နောက်ထပ်တစ်ခါကျူးလွန်ဖို့နဲ့ တစ်ခြားသူတွေကိုလည်း ကျူးလွန်လို့ရနေတယ်ဆိုတဲ့ အခွင့်ရေးတစ်ခုအနေနဲ့ရှိ နေသလိုဖြစ်နေတယ်။ ဒါကြောင့် ဥပဒေအတိုင်း ထိထိရောက်ရောက်အရေးဘူးဆောင်ရွက်နိုင်ဖို့လိုအပ်တယ်” ဟုပြောသည်။

ရခိုင်တွင် အဓမ္မကျူးလွန်မှုဖြစ်စဉ်များမှာ လတ်တလောတွင် ပိုမိုများပြားစွာဖြစ်ပေါ်လာမှုရှိနေပြီး သီတင်းပတ် ၂ ပတ်ကျော်အတွင်းတွင်ပင် အဓမ္မပြုကျင်မှုဖြစ်စဉ် ၃ ခုအထိ ပေါ်ပေါက်လာခဲ့ပြီး ထိုအထဲတွင် သက်ငယ် မုဒိမ်းမှုလည်း ပါဝင်နေသည်။

ရခိုင်တွင် ထိုကဲ့သို့ အဓမ္မပြုကျင့်ခံရမှုများပြားလာခြင်းကြောင့် အမျိုးသမီးအများစုမှာ စိတ်မလုံခြုံမှုများ ဖြစ်ပေါ်နေကြပြီး သက်ငယ်မုဒိမ်းမှုများ ပေါ်ပေါ်လာခြင်းအပေါ်တွင်လည်း မိမိတို့၏ သားသမီးများ၏ လုံခြုံမှုအခြေနေနှင့် ပတ်သက်၍လည်း စိုးရိမ်စိတ်များရှိနေကြသည်။

https://www.facebook.com/westernnewsagency/posts/765591975580231

Leave a Reply

Your email address will not be published.