ကဗျာဆရာ ရွှေရ(တောင်ကုတ်) ကွယ်လွန်ခြင်း (၂၅) နှစ်မြောက် ငွေရတုအမှတ်တရ စကားဝိုင်းနှင့် ကဗျာရွတ်ပွဲပြုလုပ်

By Narinjara / 2023 October     5

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ဇာတိဖွား တော်လှန်ကဗျာဆရာ ရွှေရ(တောင်ကုတ်)ကွယ်လွန်ခြင်း (၂၅)နှစ်ပြည့် ငွေရတုအမှတ်တရ စကားဝိုင်းနှင့် ကဗျာရွတ်ပွဲတို့ကို တောင်ကုတ်မြို့တွင် တောင်ကုတ်ကဗျာနှင့် စာပေအင်အားစုက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို အောက်တိုဘာလ ၄ ရက်၊ နေ့လယ် ၁ နာရီက တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ မင်းဘာကြီးလမ်းရှိ သင်းသင်း စားဖွယ်စုံဆိုင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တောင်ကုတ်ကဗျာနှင့်စာပေအင်အားစုမှ လူ ၃၀ ခန့်တက်ရောက်ခဲ့ပြီး ကဗျာဆရာရွှေရ(တောင်ကုတ်)၏ ကဗျာစာပေဘဝနှင့် ပတ်သက်၍ အမှတ်တရများ ဆွေးနွေးပြောဆိုခြင်းနှင့် ဆရာရွှေရအမှတ်တရ ကဗျာများရွတ်ခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

ကဗျာဆရာရွှေရ(တောင်ကုတ်)ကို တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်တွင် အဖဦးဘခင်၊ အမိဒေါ်သိန်းချစ်တို့မှ ၁၉၃၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် မွေးဖွားခဲ့သည်။

အမည်ရင်းမှာ ဦးထွန်းငြိမ်းဖြစ်ပြီး ၄င်းအပါအဝင် မွေးချင်း ၆ ဦးရှိသည်။

ဆရာရွှေရ(တောင်ကုတ်)သည် ၁၉၅၃ ခုနှစ်က ပြည်သူ့ဂျာနယ်တွင် “နိုးကြားပါလော့ အိုလုပ်သား” ကဗျာဖြင့် ကဗျာစာပေလောကသို့ စတင်ခြေချခဲ့သည်။

၁၉၆၁ ခုနှစ်တွင် “အမှောင်အတွင်းမှအလင်းကဗျာများ” စာအုပ်ကို ထုတ်ဝေခဲ့သည်။

မိုးဝေခေတ်တွင် တခြားထင်ရှားသည့်ကဗျာဆရာများဖြစ်သော မောင်ချောနွယ်၊ မောင်လေးအောင်၊ မောင်သင်းခိုင်(ပျဉ်းမနား)၊ မောင်စိမ်းနီ၊ မောင်သွေးသစ် အပါအဝင် ကဗျာဆရာများစုပေါင်း၍ “တော်လှန်ကဗျာ” စာအုပ်ကိုထုတ်ဝေခဲ့သည်။

၁၉၆၉ တွင် မြိတ်မဂ္ဂဇင်း အမှတ်(၁)ကို ထုတ်ဝေခဲ့ပြီး မော်လမြိုင်မဂ္ဂဇင်း အမှတ်(၁)ကို စတင်မွေးဖွား အသက်သွင်းပေးခဲ့သည်။

ဆရာရွှေရ(တောင်ကုတ်)သည် ကဗျာရေးသက် နှစ်(၂၀)ကျော်အတွင်း ကဗျာပုဒ်ရေ(၅၀၀)ခန့် ပုံနှိပ်ဖော်ပြခံခဲ့ရသည်။

တောင်ကုတ်မြို့ ရိုးမလှိုင်းမဂ္ဂဇင်းအမှတ်( ၁)ကိုလည်း ဦးဆောင် ထုတ်ဝေခဲ့သည်။

၁၉၇၄ ခုနှစ်အလုပ်သမားနေ့ကိုဂုဏ်ပြုထုတ်ဝေသည့် “တူနှက်သံ” ကဗျာစာအုပ်ကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရသည်။

ဆရာရွှေရ( တောင်ကုတ်)သည် ၁၉၉၈ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်တွင် သမီးဖြစ်သူရှိရာ ပဲခူးမြို့တွင် ဦးနှောက်သွေးကြောပြတ်၍ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဆရာရွှေရ(တောင်ကုတ်)ကွယ်လွန်ခဲ့သည်မှာ ၂၅ နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း အာဏာရှင်စနစ်ဆိုးကို မကြောက်မရွံ့ဘဲ အကျဉ်းကျခံပြီး တော်လှန် ကဗျာများရေးသား၍ လုပ်သားပြည်သူများကို နားမျက်စိဖွင့် နှိုးဆော်ခဲ့သည့် အတွက် ရခိုင်မှ ကဗျာအသိုင်းအဝန်းသာမက မြန်မာကဗျာလောကတွင်လည်း အမှတ်ရနေကြဆဲဖြစ်သည်။

ဆရာရွှေရ(တောင်ကုတ်)ကွယ်လွန်ခြင်း (၂၅) နှစ်မြောက် ငွေရတု အမှတ်တရစာစုများစာအုပ်ကိုလည်း တောင်ကုတ်စာပေအင်အားစုက ထုတ်ဝေထားသည်။

ကဗျာဆရာရွှေရ(တောင်ကုတ်) အမှတ်တရ ဂုဏ်ပြုကျောက်စာတိုင် တစ်ခုကိုလည်း သံတွဲမြို့၊ အောင်မြေသာစည်ပရိယတ္တိစာသင်ကျောင်းဝင်း အနုပညာရင်ပြင်တွင် စိုက်ထူထားကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/716560940511038

Leave a Reply

Your email address will not be published.