By Narinjara / 2023 October 16
ရခိုင်ပြည်၊ ကျောက်ဖြူတွင် တည်ဆောက်နေသည့် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ အသုံးပြုသွားမည့် တရုတ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်ပြီး လက်မှတ်ရေးထိုးထားသည့် စာချုပ်နှင့် ပတ်သက်ပြီး ပြန်လည် ညှိနိုင်းဆွေးနွေးရန် နှစ်နိုင်ငံအကြား မူအားဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု သတင်းရရှိသည်။
“ တရုတ်-မြန်မာနှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်တွေနဲ့ ပတ်သက်ပြီး နစကခေါင်းဆောင်က ဆွေးနွေးညှိနှိုင်းဖို့ မူအားဖြင့် သဘောတူထားပြီးပြီလို့ သိရှိရပါတယ်” ဟု BETV သတင်းတွင် ဖော်ပြသည်။
ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ချုပ်ဆိုထားသည့် စာချုပ်တွက် နှစ်ဖက် စလုံး အဓိပ္ပာယ် ကွဲလွဲယူဆ၍ ရနိုင်သည့် အချက်အချို့ ရှိနေသောကြောင့် ပြန်လည်ညှိနှိုင်းဆွေးနွေးသွားမည်ဟု ဆိုသည်။
တရုတ်ခေတ်သစ်ပိုးလမ်းမကြီး – BRI ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် စက်မှုဇုန်၊ လူနေအိမ်ရာနှင့် ရေနက်ဆိပ်ကိမ်းစီမံကိန်း ပါဝင်ရာ လက်ရှိ ရေနက်ဆိပ်ကမ်းကို ကနဦး အကောင်အထည်ဖော် စတင်တည်ဆောက်နေပြီဟု သိရသည်။
တရုတ်မံကိန်းများသည် ရခိုင်လူထုအတွက် အကျိုးမရှိသဖြင့် ဒေသဖွံ့ဖြိုးရေးထက် ဆိုးကျိုးသာပေးနိုင်သည်ဟု ဒေသအတွင်းမှ လူမှုရေးလှုပ်ရှားသူများက ပြောသည်။
“အခုစီမံကိန်းကလည်း သဘာဝပတ်ဝန်းကျင်ကို အများကြီး ထိုခိုက် ပျက်စီးသွားနိုင်တယ်။ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း အရင်းအမြစ်တွေလည်း အများကြီး ဆုံးရှုံးသွားနိုင်တယ်”ဟု ဒေသခံလူငယ်တစ်ဦးက နိရဥ္စရာကို ပြောဆိုထားသည်။
ယခင် သဘောတူညီချက်များအရ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ အသုံးပြုသွားရန် စီစဉ်ခဲ့ပြီး အစုရှယ်ယာပိုင်ဆိုင်မှုအဖြစ် တရုတ်အစိုးရပိုင် CITIC အုပ်စုက ၇၀ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရက စီမံကိန်းရဲ့ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
ဆိပ်ကမ်းစီမံကိန်း၏ မူဘောင်သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် နိုဝင်ဘာလမှာ Shareholders’ Agreement နဲ့ Concession Agreement ကို နှစ်ဖက်သဘောတူ ရေးထိုးခဲ့သည်ဟု သိရသည်။
တရုတ်အစိုးရသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်းများကို ကျောက်ဖြူမြို့နယ်ရှိ မဒေးကျွန်းတွင် မီတာ ၂၅၀၀ အကျယ်နှင့် အနံ မီတာ ၆၀၀ ရှိသည့် ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းတွင် မီတာ ၁၅၀၀ အကျယ်နှင့် မီတာ ၆၀၀ အနံရှိသည့် ဆိပ်ကမ်း စသဖြင့် တည်ဆောက် မည်ဟု သိရသည်။
NN-30
Ref: BETV Business news
https://www.facebook.com/narinjara.info/posts/723038493196616