NCA လုပ်ငန်းစဉ် အားလုံးရပ်ဆိုင်းသွားပြီဖြစ်ကြောင်း ALP သဘောထားထုတ်ပြန်

By Narinjara / 2023 September     1

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လုပ်ငန်းစဉ် အားလုံးသည် ရပ်ဆိုင်းသွားပြီဖြစ်ကြောင်းနှင့် တိုင်းရင်းသားများ လိုလားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေစီ နိုင်ငံတော်ဖြစ်လာမည် မဟုတ်ဟု ယုံကြည်ကြောင်း ခိုင်ရဲခိုင် ဦးဆောင်သော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)အဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။

ယနေ့စက်တင်ဘာလ ၁ ရက်နေ့စွဲဖြင့် “ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ သဘောထားထုတ်ပြန်ချက်” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်တွင်  ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် “NCA လုပ်ငန်းစဉ်သည် တိုင်းရင်းသားများ လိုလားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ အခွင့်အရေးများကို မရနိုင်သကဲ့သို့ မြန်မာပြည်သူတစ်ရပ်လုံးလိုလားသော ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းသာယာဝဖြိုးသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာမည် မဟုတ်ဟု ယုံကြည်သည်”ဟု ဖော်ပြထားသည်။

ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ခိုင်ကျော်ခိုင်က  “ ၂၀၂၁ အာဏာသိမ်းပြီးနောက် NCA ရဲ့လမ်းစဥ်တွေအားလုံးဟာ ရပ်စဲပြီးသား ဖြစ်ပါတယ်။ စစ်အာဏာသိမ်းတဲ့ အကျိုးဆက်ကြောင့် ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ PDF တွေအများကြီးပေါ်ပေါက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် NCA တစ်ခုတည်းနဲ့သွားနေလို့ ဗမာပြည်တစ်ခုလုံး ငြိမ်းချမ်းလာဖို့ ဆိုတာ ဘယ်လိုမှမဖြစ်လာနိုင်ပါဘူး။ ဒါကြောင့်ALP အနေနဲ့ အမြင် သဘောထားကို ပြောရရင် NCA လုပ်ငန်းစဥ်တွေဟာ လုံးဝ ရပ်ဆိုင်းပြီးသား ဖြစ်တယ်။ ဒီအတိုင်းသွားလို့လည်း ဗမာပြည်တစ်ပြည်လုံး ဖွဲ့ဖြိုးတိုးတက်မှု ရှိလာမှမဟုတ်ဘူး။ ငြိမ်းချမ်းလာမှာမဟုတ်ဘူး။ ဒါကိုတော့ အတိအလင်းပြောချင်ပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ယင်းကြောင့် ALP အနေဖြင့် မဟာမိတ်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲပြီး ရခိုင်ပြည်တွင်းရှိ တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများနှင့် အမျိုးသားညီညွတ်ရေး တည်ဆောက်ကာ မပြီးဆုံးသေးသော ရခိုင်ကြမ္မာ ရခိုင်ဖန်တီးနိုင်ရေး လက်နက်ကိုင်တော်လှန်ရေးကို ပန်းတိုင်အရောက် ဆက်လက်ချီတက်လျက် ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

ယခုထုတ်ပြန်ချက်ထဲတွင် ALPမှ ခွဲထွက်သွားသော  စောမြရာဇာလင်း အနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးနေမှုများသည်လည်းALP နှင့် လုံး၀ သက်ဆိုင်မှုမရှိကြောင်း ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ခိုင်ကျော်ခိုင်က “ စစ်ကောင်စီနဲ့တွေ့ဆုံတဲ့ အဖွဲ့ (၅) ဖွဲ့ထဲမှာ ALP ကလည်းပါဝင်နေတာကို တွေ့ရပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အဓိကပြည်သူလူထုကို ရှင်းရှင်းလင်းလင်း သိစေချင်တာက ကျနော်တို့ ALP အနေနဲ့ ပါဝင်ပတ်သက်နေတာမဟုတ်ဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း NCA လုပ်ငန်းစဥ်တွေရပ်တန့်ပြီးသားဖြစ်တယ်။ ဒါကြောင့် ALP အနေနဲ့ သွားတွေ့နေတာဟာ ALP ကခွဲထွက်သွားတဲ့ စောမြရာဇာလင်းအဖွဲ့က သွားတွေ့တာပဲ ဖြစ်တယ်။ စောမြရာဇာလင်းအဖွဲ့က အခုလိုသွားတွေ့ နေခြင်းသည် ကျနော်တို့အဖွဲ့နဲ့ လုံးဝလုံးဝပတ်သက်မှု မရှိကြောင်း ရခိုင် လူထုကိုရော၊ တော်လှန်ရေးမဟာမိတ်အုပ်စုတွေကိုရော အားလုံးကို သိစေ ချင်ပါတယ်” ဟု ပြောသည်။

NCA လုပ်ငန်းစဉ်များ၏ သဘောတူရလဒ်များမှာ မြန်မာစစ်တပ် အလိုကျရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုကျော်လွန်၍ တိုင်းရင်းသားများလိုလားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ အခွင့်အရေးများကို ရရှိရန်မဖြစ်နိုင်ကြောင်း၊  ၂၀၂၁ ခုနှစ် အစောပိုင်းတွင် မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက် NCA ၏ အနှစ်သာရနှင့်လုပ်ငန်းစဉ်များ အားလုံး နီးပါးရပ်ဆိုင်းသွားခဲ့ရပြီး မြန်မာပြည်၏ ငြိမ်းချမ်းရေးမျှော်လင့် ချက်များလည်း ပျောက်ကွယ်သွားခဲ့ရပြီးဖြစ်ကြောင်း ALP ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“မြန်မာ့နိုင်ငံရေးမှာ စစ်တပ်က လွှမ်းမိုးချုပ်ကိုင်ထားသရွေ့ ကျနော်တို့ တိုင်းရင်းသားတွေ လိုအပ်နေတဲ့၊ ဗမာပြည်သူလူထုလိုအပ်နေတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုတစ်ခုဟာ ဖြစ်လာနိုင်ချေမရှိဘူး။ ဒါကြောင့် ကျနော်တို့ ALP အနေနဲ့လည်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တွန်းလှန်နေတဲ့ တိုင်းရင်းသား အင်အားစုတွေ၊ PDF ၊ တခြားသော စစ်အာဏာ ပြုတ်ကျရေးအတွက် တိုက်ခိုက်နေတဲ့ မဟာမိတ်အင်အားစုတွေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်သွားဖို့ပြောချင်တာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခု အနေနဲ့ ထပ်ပြောရရင် လက်ရှိ မြန်မာနိုင်ငံရေး၊ စစ်ရေးဖြစ်ပေါ်နေတဲ့အခြေအနေမှာ ရခိုင့်ကံကြမ္မာကို ရခိုင်တို့ဖန်တီးနိုင်ရေးအတွက် ရခိုင်နိုင်ငံရေး၊ တော်လှန်ရေး အင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေး တစ်ရပ်ကိုတည်ဆောက်ပြီးတော့ ရခိုင်ပြည်လွတ်မြောက်အောင်အထိ ALP အနေနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်ဆိုတာကို ပြည်သူတွေကိုအသိပေးချင်ပါတယ်” ဟု အထွေထွေအတွင်းရေးမှူး ခိုင်ကျော်ခိုင်က ဆက်လက်ပြောဆိုသည်။

မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကြောင့် အကျိုးဆက်များအနေဖြင့် တစ်နိုင်ငံလုံး ဆန့်ကျင်ဆန္ဒ ပြမှုများနှင့် လက်နက်စွဲကိုင်တော်လှန်မှုများ ပေါ်ပေါက်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် CRPH ၊ NUG ၊ NUCC ကဲ့သို့သော တော်လှန်ရေးအင်အားစုအသစ်များလည်း ပေါ်ထွက်လာခဲ့သည်ဟု ဆိုသည်။

NCA လက်မှတ်ရေးထိုးထားသော KNU၊ CNF အဖွဲ့အစည်းများ နှင့် NCA လက်မှတ်မထိုးရ သေးသော KNPP နှင့် KIO အပါအဝင် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများသည် NUG ၊ PDF များနှင့်လက်တွဲ၍ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် လက်တွဲ တိုက်ပွဲဝင်မှုကြောင့် နယ်မြေအမြောက် အများကို သိမ်းပိုက်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူများအပေါ် အကြမ်းဖက် ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်း များကြောင့် နိုင်ငံတကာမှအသိအမှတ်မပြုမှုများ၊ နိုင်ငံရေးနှင့် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများကိုပါ ရင်ဆိုင်နေရသည်။၎င်းတို့အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးစသော ဘက်ပေါင်းစုံအထွေထွေအကျပ်အတည်းမှ ထွက်ပေါက် ရရေးအတွက် တော်လှန်သောပါတီများနှင့် ပြည်သူတစ်ရပ်လုံးအား အပြစ်ပုံချစွပ်စွဲပြီး ဖိနှိပ်ညှင်းဆဲသတ်ဖြတ်ရေးနှင့် စုစည်းညီညွတ်မှုကို ဖြိုခွဲ ရည်ရွယ်သော နိုင်ငံရေးထိုးစစ်ပြုလုပ်လာနေသည်ကို ဩဂုတ်လ(၂၂)ရက်နေ့ ပြုလုပ်သော စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်များက သက်သေထူလျှက်ရှိသည်” ဟု ALP ၏ထုတ်ပြန်ချက်က ဆိုသည်။

ALP အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် ခေါင်းဆောင်များအကြား ရပ်တည်ချက်ချင်းကွဲလွဲပြီး သဘောထား ကွဲလွဲမှုများဖြစ်ကာ နှစ်ဖွဲ့ ကွဲသွားခဲ့သည်။

လက်ရှိ ALPပါတီသည် ပါတီဥက္ကဋ္ဌ ခိုင်ရဲခိုင်နှင့် ဦးဆောင်သောအဖွဲ့နှင့်  စောမြရာဇာလင်းတို့ ဦးဆောင်သော အဖွဲ့တို့ နှစ်ခြမ်းကွဲနေပြီး ခိုင်ရဲခိုင် ဦးဆောင်သော အဖွဲ့မှာ အာဏာသိမ်း စစ်ကောင်စီအား မဟာမိတ်များနှင့် လက်တွဲကာ ဆက်လက် တော်လှန်တိုက်ခိုက်နေပြီး စောမြရာဇာလင်း ဦးဆောင်သောအဖွဲ့မှာ NCA လမ်းကြောင်းမှတစ်ဆင့် စစ်ကောင်စီနှင့် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိနေသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/697366032430529

Leave a Reply

Your email address will not be published.