By Narinjara / 2023 September 15

မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများဖြစ်ကြသည့် နိုင်ငံတကာ အန်ဂျီအိုများနှင့် ပြည်တွင်းအန်ဂျီအိုများ ( INGO နှင့် NGO) များအနေဖြင့် စစ်ကောင်စီထံ မဖြစ်မနေ မှတ်ပုံတင်ရန် လိုအပ်သည်ဟု စစ်ကောင်စီ ပြောကြားလိုက်သည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယမန်နေ့ စက်တင်ဘာ (၁၄)ရက်က နေပြည်တော်ရှိ Hotel Max ၌ ပြုလုပ်သော NGO/INGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် အစိုးရဌာနအဖွဲ့အစည်းများ၏ ထောက်ခံချက်များ ရယူရန်လိုပြီး သက်ဆိုင်ရာဌာနများအနေဖြင့်လည်း အဖွဲ့အစည်း၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်ပြီး မြန်ဆန်စွာဆောင်ရွက်ပေးရန် လိုအပ်ကြောင်းကိုလည်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့သည်ဟု သိရသည်။
INGO/ NGO များကို အသုံးချကာ တရားမဝင်ကိစ္စများအတွက် ထောက်ပံ့မှုများ မဖြစ်စေရန်လိုအပ်ပြီး INGO/ NGO များအနေဖြင့်လည်း အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့် အညီဆောင်ရွက်ရမည်ဟု ထည့်သွင်း ပြောကြားသွားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်ကောင်စီအဖွဲ့များမှတာဝန်ရှိသူများ၊ ပြည်တွင်းအသင်းအဖွဲ့များနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်ဟု သိရသည်။
ရခိုင်တွင်လည်း ပြီးခဲ့သည့် မေလ ၁၄ ရက်က လူပေါင်း ၁၄ဝ ကျော်သေဆုံးခဲ့ရသည့် မိုခါဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက်တွင် INGO နှင့် NGO များ၏ လူသားချင်းစာနာမှုဆိုင်ရာ သွားလာ ကူညီထောက်ပံ့ခွင့်များကို စစ်ကောင်စီက ဇွန်လမှစတင်တားမြစ်ကန့်သတ်ထားသည်မှာ လက်ရှိအချိန်အထိဖြစ်သည်။
ယင်းသို့ ကန့်သတ်ထားသည့်အတွက် ရခိုင်ရှိ စစ်ဘေးရှောင်များနှင့် မုန်တိုင်းသင့်ပြည်သူများသည် နိုင်ငံတကာအဖွဲ့အစည်းများ၏အကူအညီအထောက်အပံ့များကို မရရှိကြတော့ဘဲ စားဝတ်နေရေး အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။
ရခိုင်ရှိ NGO အသိုင်းအဝိုင်းမှ ဝန်ထမ်းတစ်ဦးက မြန်မာတစ်နိုင်ငံလုံးရှိ INGO နှင့် NGO များသည် စစ်ကောင်စီနှင့် နားလည်မှုစာချွန်လွှာ (MOU)သော်လည်းကောင်း၊ မှတ်ပုံတင်သော်လည်းကောင်း ပြုလုပ်ကာ ပြည်သူများကို ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ပြောသည်။
INGO နှင့် NGO များမှတဆင့် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့များထံ အကူအညီများရောက်ရှိနေသည်ဟု သံသယဖြင့် စစ်ကောင်စီက ယခုနောက်ပိုင်း ပိုမိုတားမြစ်ကန့်သတ်ထိန်းချုပ်လာနေခြင်းဖြစ်သည်ဟုလည်း သုံးသပ်ပြောဆိုသည်။
“တစ်နိုင်ငံလုံး သူတို့ဖြန့်ပြီးတိုက်နေရတဲ့အခါ ဟိုအဖွဲ့တွေဆီ အဲလို အကူအညီတွေ မရောက်စေချင်ဘူးပေါ့။ အင်အားကြီးလာမှာကို သူတို့ မလိုဘူး။ အဓိက အဲဒီလမ်းကြောင်းတွေကို သူတို့ပိတ်ချင်တာပါ”ဟု ပြောသည်။
ရခိုင်တွင် INGO နှင့် NGO များကို လွတ်လပ်စွာသွားလာထောက်ပံ့ခွင့်ရရှိရန် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UN OCHA) ကလည်း စစ်ကောင်စီကို အကြိမ်ကြိမ်တိုက်တွန်းတောင်းဆိုလျက်ရှိသည်။ (NN-16) Photo- Popular Myanmar
https://www.facebook.com/narinjara.info/posts/704973495003116