AA နှင့် အပစ်ရပ်ထားသည့် ရခိုင်တွင် စစ်ကောင်စီက လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှု ပိုလုပ်လာနေ

By Western News / 2023 September     27]

ပုံစာ-(၂၀၁၇) တွင် လက်နက်လေ့ကျင့် ပါဝင်ပစ်ခတ်ခဲ့သည့် စစ်ရေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရက္ခိုင့်တပ်တော် ULA/AA နှင့် အပစ်အခတ်ရပ်နားထားသည့် ရခိုင်ပြည်အတွင်း စစ်ကောင်စီက လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှု ပိုလုပ်လာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

မေလကနေ ယခု စက်တင်ဘာလအထိ ရခိုင့်ပင်လယ်ပြင်နှင့် တပ်ရင်းများတွင် လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှု ၁၀ ကြိမ်ထက်မနည်း ရှိကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် မာန်အောင်မြို့နယ်အနီး ပင်လယ်ပြင်၌ စစ်ကောင်စီ ရဲတပ်မှ လက်နက်ကြီး စမ်းသပ်ပစ်ခတ်နေကြောင်း မာန်အောင်ရေလုပ်သားတစ်ဦးက ပြောသည်။

“ဒေသခံတွေကို ကြိုတင်အသိပေးတာမရှိဘဲ လာပြီး စမ်းသပ်ပစ်ခတ်နေတာ။ ပင်လယ်ထဲမှာ ငါးဖမ်းသမားတွေ အများအပြားရှိတယ်။ ထိခိုက်သွားရင် ဘယ်သူက တာဝန်ယူမလဲ။ နောက်ဆိုရင် ပြည်သူတွေကို အသိပေးချပြသင့်ပါတယ်။ ဒါမှ ရှောင်တိမ်းလို့ ရမှာဖြစ်ပါတယ်”ဟု ပြောသည်။

မင်းပြားမြို့နယ်ရှိ ခမရ ၃၇၉ တပ်ရင်းမှ ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့က ဘူးပင်၊ ဆင်ကြီးပြင်(ရခိုင်)၊ ဆင်ကြီးပြင်(မွတ်ဆလင်)၊ ဘူးချောင်းကြီး၊ ဘားဘူတောင်၊ င/တင်ဗျင်း စသည့်ကျေးရွာအနီးတွင် လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်ခဲ့သည်။

မင်းပြားအခြေစိုက် ခမရ ၃၇၉ တပ်ရင်းနှင့် ခမရ ၃၈၀ တပ်ရင်းကြားရှိ သင်းချပ်မြောင်တွင် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းကလည်း လက်နက်ငယ်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၂၁ ရက်က ကျောက်တော်မြို့ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အနီးအနားမှ နဂရာကျေးရွာ၊ ရုတ်သားကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာတို့က ပစ်ခတ်သံကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၂ ရက်နေ့ကလည်း မင်းပြားမြို့နယ်မှ စစ်ကောင်စီသင်တန်းကျောင်း တိုင်းဗဟို (၉) က လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့ပြီး ဇွန်လ ၇ ရက် နှင့် ၈ ရက် တို့တွင်လည်း တိုင်းဗဟို (၉) မှ လက်နက်ငယ်များ နှစ်ရက်ဆက်တိုက် စမ်းသပ်ပစ်ခတ်ခဲ့သည်။

မြောက်ဦးမြို့တွင်လည်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် မေလ ၁၉၊ ၂၀ ရက်တို့တွင် လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မည်ကို ဒေသခံများက ကန့်ကွက်မှုကြောင့် ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

စစ်ကောင်စီက ရခိုင်ပြည်အတွင်း လက်နက်ကြီးများ၊ လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်နေခြင်းသည် တိုက်ပွဲကို ပြန်လည်ခေါ်ယူနေသလို ဒေသခံပြည်သူများကိုလည်း စိုးရိမ်မှုမြင့်တက်စေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့် အမ်းသားကြီးက ပြောသည်။

“AA နဲ့ အပစ်ရပ်နားထားလို့ ဒေသ ငြိမ်နေတာကို ပြန်လှုံ့ဆော်တာနဲ့တူတယ်။ ဖြစ်နိုင်ရင် လက်နက်စမ်းသပ်ပစ်ခတ်မှု စစ်ကောင်စီကို မလုပ်စေချင်ဘူး။ ဒီလို လုပ်နေတာက စစ်ပွဲကို ပြန်အစဖော်နေသလို ဒေသခံပြည်သူတွေအတွက် စိုးရိမ်မှုမြင့်တက်စေပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ တပ်ရင်းများသည် ရသေ့တောင်မြို့နယ်ရှိ ပင်လယ်ပြင်နှင့် စစ်တွေမြို့နယ် ပင်လယ်တို့တွင်လည်း လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မှုရှိခဲ့ပြီး ကျောက်ဖြူရေတပ်မှလည်း ကျောက်ဖြူပင်လယ်ပြင်အတွင်း လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မှုရှိခဲ့သည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ လူသားချင်းစာနာမှုအရ အပစ်အခတ်ရပ်နားထားသည်မှာ ၂၀၂၂ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၆ ရက်ကနေ ယနေ့အချိန်အထိဖြစ်ပြီး ရခိုင်ပြည်အတွင်း တိုက်ပွဲများငြိမ်သက်နေသည်မှာ တစ်နှစ်ပြည့်နီးပါး ရှိလာပြီဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/752714600201302

Leave a Reply

Your email address will not be published.