AA နှင့်ဆက်စပ်၍ ထောင်ဒဏ် နှစ် ၄၀ ကျော်ခန့်ချမှတ်ခံထားရသည့် အမျိုးသမီးမှာ မူးယစ်ဆေးဝါးအမှုဖြင့် ထပ်မံစွဲဆိုခံနေရ

By Western News / 2023 September     12

ရက္ခိုင့်တပ်တော် AA နှင့်ဆက်စပ်၍ဟုဆိုကာ အကြမ်းဖက်ပုဒ်မအပါအဝင် ပုဒ်မ ၅ ခုဖြင့် နှစ် ၄၀ ကျော်ခန့် ထောင်ဒဏ်ချမှတ်ခံထားရသည့် အမျိုးသမီးမှာ နောက်ထပ်မူးယစ်ဆေးဝါးပုဒ်မများဖြင့် ထပ်မံတရား စွဲဆိုခံနေရကြောင်း မိသားစုဝင်များကပြောသည်။

ထောင်ဒဏ်ကျခံနေရသူ အသက် ၃၇ နှစ်အရွယ်ရှိ မခိုင်ခိုင်စံမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့၌ ရန်ကုန်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အကြမ်းဖက်ပုဒ်မ ၅၀(ည)အပါအဝင် ငွေကြေးခဝါချမှု ဥပဒေပုဒ်မ ၄၃နှင့် တစ်ခြားပုဒ်မတို့ဖြင့်  တရားစွဲဆိုခံခဲ့ရကာ စုစုပေါင်း ထောင်ဒဏ် နှစ် ၄၀ ကျော်ခန့်ချမှတ်ခံရပြီး အင်းစိန်ထောင်တွင် အကျဉ်းကျခံခဲ့ရကြောင်း သိရသည်။

မခိုင်ခိုင်စံမှာ အင်းစိန်ထောင်တွင် ထောင်ဒဏ်ကျခံနေရစဉ် ရခိုင်ပြည် မင်းပြားမြို့နယ် ရာမောင်ဂိတ်တွင် လေးဝတီကားပေါ်တွင်ပါသည့် ဘေထုပ်မှ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုရှိခဲ့ပြီး ထိုမူးယစ်ဆေးဝါးများမှာ မခိုင်ခိုင်စံနှင့် စက်ဆပ်သည်ဟုဆိုကာ ၎င်းအား စစ်ကောင်စီဖက်မှ မူးယစ်ဆေးဝါးပုဒ်မဖြင့် ထပ်မံတရားစွဲဆိုခဲ့သည်။

ယင်းနောက် မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၉(က) ဖြင့် တရားစွဲဆိုခံရမှုအတွက် တရားရင်ဆိုင်ရန် ၂၀၂၃ ခုနှစ် ဧပြီလတွင် မြောက်ဦးအချုပ်ခန်းသို့ ပြောင်းရွေ့ခံရပြီး လက်ရှိတွင် အမှုရင်ဆိုင်နေရသည်ဟု မခိုင်ခိုင်စံ၏ ရှေ့နေဖြစ်သူကပြောသည်။

“ပထမ ရန်ကုန်မှာစွဲတဲ့အမှုတွေအတွက် ထောင်ဒဏ်ကကျခံနေရပြီ။ သူတို့ကိုစွဲခဲ့တဲ့ အမှုတွေအတွက်၊ ခိုင်လုံတဲ့အထောက်ထားတွေသူတို့ဆီကမရခဲ့ဘူးလို့သိရတယ်။ ရန်ကုန်မှာက သူတို့အတွက် ခုခံချေပပေးမယ့်သူ ကောင်းကောင်းမရခဲ့ဘူး။ ဒါကြောင့် နှစ်ရှည်ထောင်ဒဏ်တွေ ကျခံခဲ့ရတယ်။  အခုက ရာမောင်ဂိတ်မှာ မူးယစ်ဆေး ဖမ်းမိရာကနေ သူနဲ့ဆက်စပ်တယ်ဆိုပြီး ထပ်တရားစွဲခံနေရတာ။ တကယ်တော့ ဖမ်းမိတဲ့ မူးယစ် ဆေးနဲ့ ပတ်သက်လို့ ခိုင်ခိုင်စံဆီမှာ လက်ဝယ်တွေ့တာလည်းမဟုတ်ဘူး။ အထောက်အထားလည်းဘာမှမရှိဘူး။ ဒီအတိုင်းဆွဲထည့်ခံရတာလို့ပြောလို့ရတယ်။ ပြီးတော့ အမ်းမှာလည်း တစ်မှုရှိသေးတယ်လို့ သိရတယ်” ဟုပြောသည်။

မခိုင်ခိုင်စံမှာ ကလေးမွေးဖွားပြီး မကြာမီတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ရန်ကုန်၊ ဒဂုံဆိပ်ကမ်း မြိတ်လမ်းသွယ်တွင် တွင်ဖမ်းဆီးခံရပြီးနောက် အောင်သပြေစစ်ကြောရေးတွင် တစ်လအကြာ နေထိုင်ခဲ့ရကာ လက်ရှိတွင် ကျန်းမာရေးအခြေနေ ဆိုးရွားမှုများလည်းကြုံနေရသည်ဟု သိရသည်။

မခိုင်ခိုင်စံအတူ သူမ၏ ခင်ပွန်းဖြစ်သူ မောင်ဘုနှင့် မောင်လေးဖြစ်သူတို့ပါ ဖမ်းဆီးခံခဲ့ရပြီး ခင်ပွန်းဖြစ်သူမှာလည်း အကြမ်းဖက်ပုဒ်မ ၅၀(ည)ဖြင့်တရားစွဲခံရကာ ထောင်ဒဏ် ချမှတ်ခံထားရပြီး လက်ရှိတွင် မခိုင်ခိုင်စံနှင့်အတူ မြောက်ဦးအချုပ်ခန်းတွင် မူးယစ်ဆေးဝါးပုဒ်မဖြင့် ထပ်မံတရားရင်ဆိုင်နေရကြောင်း မိသားစုဝင်များကပြောသည်။

“အဖမ်းခံရတာက ခိုင်ခိုင်စံရော၊ ခိုင်ခိုင်စံအမျိုးသားရောပါတယ်။ ‌သူ့မောင်လေးရော လည်းတစ်ယောက်ပါတယ်။ ခိုင်ခိုင်စံမှာ ကလေးလေးတစ်ယောက်ရှိတယ်။ ကျမတို့နဲ့အတူနေပါတယ်။ ကျမတို့က ရသေ့တောင်ဖက်ကပါ။ တရားရင်ဆိုင်ရမှာတွေကြောင့် မြောက်ဦးမှာနေနေရတယ်။ ငွေကြေးလဲတတ်နိုင်တဲ့အထဲမပါပါဘူး။ ကလေးမွေးပြီးမကြာခင်မှာ အဖမ်းခံရတာဆိုတော့ ကလေးကနို့ပြတ်ပြီး ကျန်းမာရေးကချူချာတယ်။ ပထမလည်း နှစ်ဆယ်ချီထောင်ဒဏ်တွေချထားပြီးပြီ အခုလည်းမူးယစ်ဆေးနဲ့ဆိုပြီး ထပ်စွဲခံထားရတာ စိတ်ဓာတ်တွေလည်း ကျနေပါပြီ ” ဟုပြောသည်။

NLD အစိုးရလက်ထက် ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ခဲ့စဉ်က အကြမ်းဖက်ပုဒ်မများဖြင့် တရားစွဲဆိုခံရသူအများအပြားရှိခဲ့ပြီး အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပြီးနောက် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုခံထားရသူများကို လွှတ်ပေးသင့်ကြောင်း လူ့အခွင့်ရေးလှုပ်ရှားသူများကပြောဆိုသည်။

သို့သော်လည်း စစ်ကောင်စီအနေဖြင့် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုခံထားရသူများကို တစ်ချို့ကိုလွှတ်ပေးမှုတို့ရှိခဲ့သော်လည်း တစ်ချို့ကိုမူ ထောင်ဒဏ်များအသီးသီးချမှတ်မှုတို့ ရှိနေပြီး အမှုရင်ဆိုင်နေရသူများလည်း ရှိနေသည်။

လက်ရှိတွင်လည်း ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်၍ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသူ၊ တရားရင်ဆိုင်နေရသူတို့ အကျဉ်းထောင်အသီးသီးတွင် အများအပြားကျန်ရှိနေသေးပြီး ပုဒ်မအမျိုးမျိုးတပ်၍ တရားစွဲဆိုခံထားရသူများအား လွှတ်ပေးရန်လိုအပ်သေးကြောင်း ရက္ခိုင့်တပ်တော်ဖက်မှ ပြောဆိုထားမှုလည်းရှိသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/743473724458723

Leave a Reply

Your email address will not be published.