AA နှင့်ဆက်စပ်၍ဟုဆိုကာ အမ်းမှ သမ္မဝါယမဥက္ကဋ္ဌ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

By Western News / 2023 September     15

ရက္ခိုင့်တပ်တော် AA နှင့်ဆက်စပ်၍ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲဆိုခံထားရသူ အမ်းမှ သမ္မဝါယမ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်တင်မြင့်ကို စက်တင်ဘာ ၁၃ ရက်နေ့က  အမ်းမြို့နယ် တရားရုံးမှနေ၍ ထောင်ဒဏ် ၂ နှစ်ခန့်ချမှတ်လိုက်ကြောင်း မိသားစုဝင်များကပြောသည်။

လက်ရှိတွင် ချုပ်ရက်အပါအဝင် ထောင်ဒဏ် ၂ နှစ်ခန့်ချမှတ်ခံရပြီး စစ်တွေအကျဉ်းထောင်သို့ပြောင်းရွှေ့ခံရမည် သိရှိထားကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

“ချုပ်ရက်က ၁၀ လပါတယ်လို့ဆိုပါတယ်။ စစ်တွေထောင်ကိုပြောင်းမယ်လို့တော့ကြားတယ်။ အမ်းမှာ AA နဲ့ဆက်စပ်လို့ဖမ်းဆီးခံရတဲ့သူတွေက သူ့အပြင် တစ်ခြားသူတွေလည်းရှိတယ်။ တစ်ချို့က ပြီးခဲတဲ့သြဂုတ်လလောက်က အမှုရုပ်သိမ်းပြီးလာတယ်။ ဦးအောင်တင်မြင့်အပြင် ကျန် ၄ ယောက်လည်းရှိသေးတယ်။ အခု အောင်တင်မြင့်ကို ထောင်ဒဏ်ချတယ်။ ကျန် ၄ ယောက်ကိုတော့ သီးခြားရုံးထပ်ချိန်းထားတယ်။ ဘာကြောင့်လဲတော့မသိပေမယ့် သူတို့တွေလွတ်ရင် အောင်တင်မြင့်လည်း လွတ်သင့်တယ် ” ဟုပြောသည်။

အမ်းမြို့နယ် လုံးကောက်အုပ်စု ညောင်းချောင်းကျေးရွာတွင်နေထိုင်သူ ဦးအောင်တင်မြင့်မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက အမ်းမြို့မစျေးသို့သွားစဉ် စစ်ကောင်စီ တပ်သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် အမ်းမြို့နယ်တရားရုံးတွင် ၁၇(၁) ဖြင့်စွဲဆိုခံရကာ အပြီးသတ်အမိန့်ချမည့်ရက် အကြိမ်ကြိမ်ရွှေ့ဆိုင်း ခံရပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းက ထောင်ဒဏ်ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့တွင်လည်း နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဖြင့် တရားစွဲဆိုခံထားရသူ ကျောက်တော်မှ ‌ဒေသခံ ၂ ဦးဖြစ်သည့် ကိုဇော်မိုးဝေနှင့် ကိုကျော်သန်းမောင်တို့ကိုလည်း ကျောက်တော်ရှိ စစ်ကောင်စီတရားရုံးမှ နေ၍ ‌ထောင်ဒဏ် ၂ နှစ်စီ အသီးသီးချမှတ်ခံရမှုရှိခဲ့သည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် ဆက်စပ်၍ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံရသူ အများအပြားရှိခဲ့ပြီး ထိုအထဲမှ လက်ရှိအချိန်ထိမလွတ်မြောက်သေးသူအရေအတွက်မှာ ၁၀၀ ခန့်ကျန်နေသေးကာ ထိုသူများမှ သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ မြောက်ဦး စသည့်မြို့နယ်များတွင် အသီးသီးရှိနေသေးကြောင့် ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၏ အချက်အလက်များအရသိရသည်။

ယင်းအပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဖမ်းဆီးခံထားရသူများထဲမှ စစ်ကောင်စီအနေဖြင့် အရေအတွက် ၄၀၀ ကျော််ခန့်သာလွှတ်ပေးသေးပြီးကျန် ၁၇(၁) အမှုဖြင့် တရားရင်ဆိုင်နေရသူများအပါအဝင် ၂၀၀ ခန့်မှာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/745366380936124

Leave a Reply

Your email address will not be published.