အလယ်တန်း အောင်မြင်သူများအတွက် ရခိုင်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကျောင်းများ တိုးချဲ့ဖွင့်လှစ်မည်

By DMG / 2023 September        19

ပုံစာ – လာမည့်နှစ် ဖွင့်လှစ်မည့် ကျောက်ဖြူမြို့က အ.ထ.က(၃)ကျောင်းကို တွေ့ရစဉ်။

အခြေခံပညာအလယ်တန်းအဆင့် (Grade-9) အောင်မြင်သူများ ရွေးချယ်သင်ယူနိုင်မည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်သင်ကျောင်း ၃ ကျောင်းကို လာမည့် ၂၀၂၄ ခုနှစ်တွင် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးရေးမှူးရုံးမှ သိရသည်။

လက်ရှိတွင် အဆိုပါကျောင်းများကို စစ်တွေ၊ သံတွဲနှင့် အမ်းမြို့တို့တွင် ဖွင့်လှစ်ထားပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် ကျောက်ဖြူ၊ တောင်ကုတ်၊ မြောက်ဦးမြို့တို့တွင် တိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။

Grade-9 အောင်မြင်ပါက အခြေခံပညာအထက်တန်းပညာ မသင်လိုသူများအတွက် သက်မွေးအတတ်ပညာရပ်များဖြစ်သော စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို ရွေးချယ်ခွင့်ရရှိစေရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

“စက်မှုမှာဆိုရင် အတန်းသုံးတန်း ဖွင့်မယ်၊ တစ်တန်းမှာ ၃၀ စီဆို ၉၀ ပေါ့။ စိုက်ပျိုးရေးမှာ ၃၀၊ မွေးမြူရေးမှာ ၃၀။ ကျောင်းတစ်ကျောင်းမှာ ကျောင်းသူ/သား ၁၅၀ လျာတားပါတယ်။ တက်ချင်သူတွေကတော့ နီးစပ်ရာကျောင်းတွေမှာ သွားတက်ရမှာဖြစ်ပါတယ်” ဟု ဦးဘထွီးစိန်က ပြောသည်။

ယခုခွင့်လှစ်မည့်ကျောင်း ၃ ကျောင်းမှာ အ.ထ.က(၁) မြောက်ဦး၊ အ.ထ.က (၃) ကျောက်ဖြူနှင့် အ.ထ.က(၁) တောင်ကုတ်တို့တွင် ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သည်။

အဆိုပါကျောင်းကို ၃ နှစ် တက်ရောက်ရမည်ဖြစ်ပြီး ရိုးရိုးအောင်မြင်သူများမှာ ပြီးစီးကြောင်းလက်မှတ် ရရှိမည်ဖြစ်သည်။

အထူးအောင်မြင်သူနှင့် ထူးချွန်အောင်မြင်သူများမှာ အစိုးရ ဖွင့်လှစ်ထားသည့် BE ဘွဲ့ပေးအပ်မည့် နည်းပညာတက္ကသိုလ်၊ နည်းပညာဘွဲ (B.Tech )ပေးအပ်သော အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများသို့ တက်ရောက်ခွင့်ရှိမည်ဖြစ်သည်။

စိုက်ပျိုးရေးတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဖွင့်လှစ်သည့် စိုက်ပျိုးရေးသိပ္ပံဘွဲ့၊ တိုင်းနှင့်ပြည်နယ်အနှံ့ ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ စသည်တို့ကို တက်ရောက်နိုင်ကြောင်း သိရသည်။

မွေးမြူရေးတွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ဖွင့်လှစ်သည့် တိရိစ္ဆာန်ဆေးပညာဘွဲ့သင်တန်းနှင့် မွေးမြူရေးပညာဘွဲ့၊ ငါးလုပ်ငန်းသိပ္ပံ ဒီပလိုမာသင်တန်းများကို တက်ရောက်နိုင်မည်ဖြစ်ပြီး ၎င်းတို့သင်ယူထားသည့် ဘာသာတွဲအလိုက် အဆင့်ဆင့် ပြန်လည်တက်လှမ်းခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

“ဖြစ်နိုင်ရင်တော့ ရခိုင်က မြို့နယ်တိုင်းမှာ အဲလိုကျောင်းတွေ ဖွင့်ထားပေးစေချင်တာပေါ့။ ကလေးနဲ့ မိဘတွေအတွက်ရော ရွေးချယ်စရာအခွင့်အရေး ပိုလာတဲ့သဘောဆိုတော့ ဒီစနစ်က ကောင်းမွန်တယ်လို့ မြင်ပါတယ်” ဟု ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်မှ Grade-9 ကျောင်းသားမိဘ ဒေါ်ကြာလောင်က ပြောသည်။

အဆိုပါကျောင်းများကို ပြီးခဲ့သည့် ပညာသင်နှစ်အတွင်း မြန်မာပြည်အနှံ့ ၅၁ ကျောင်းအထိ ဖွင့်လှစ်ခဲ့ပြီး လာမည့်နှစ်တွင်လည်း ရခိုင်အပါအဝင် တနိုင်ငံလုံးအတိုင်းအတာဖြင့် နောက်ထပ် ၃၄ ကျောင်းကို ထပ်မံဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

#I008 #DMG

https://www.facebook.com/dmgnewsagency/posts/700574678782798

Leave a Reply

Your email address will not be published.