သံတွဲတွင် PDF ကို အကြောင်းပြကာ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ရှာဖွေမှုပြုလုပ်

By Narinjara / 2023 September     18

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) အဖွဲ့ဝင်များကို အကြောင်းပြကာ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များကို ရှာဖွေမှု ပြုလုပ်နေသည်ဟု သိရသည်။

စက်တင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းတွင် သံတွဲမြို့မှ စစ်အင်အား ၆၀ ခန့် ပါသည့် စစ်ကား(၃) စီးသည် သံတွဲမှ မိုင် ၃၀ ခန့်အကွာရှိ ပုရစ်နှင့် ရေကောက်ရွာဟောင်းရွာသို့ရောက်ရှိလာပြီး ယင်းရွာများနှင့် အနီးဝန်းကျင်ရှိ တောထဲနေရာများတွင် လက်နက်အင်အားအပြည့်အစုံဖြင့် PDF များကို ရှာဖွေနေခဲ့သည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “ရေအားလျှပ်စစ်စီမံကိန်းနားက ၅ မိုင်လမ်းကနေပြီးလာတာ။ သံတွဲကနေဆို မိုင် ၃၀ လောက်ဝေးတဲ့တောထဲ၊ အရင် ပုရစ်၊ ရေကောက်ရွာဟောင်းမှာ စစ်ကား ၃ စီးနဲ့ စစ်သား ၆၀ လောက် လက်နက်အင်အားအပြည့်နဲ့ ရောက်နေကြတာပါ။ သူတို့ကတော့ PDF ရှာတယ်လို့ပြောတယ်။ ၁၅ ရက်နေ့ မနက်ပိုင်းကနေ တောထဲမှာ ကင်းပုန်း ဝပ်နေတာ။ ဘာတွေ ကြံစည်နေလဲတော့ မသိဘူး”ဟု ပြောသည်။

ညအချိန်များတွင်လည်း တောတွင်းနေရာတစ်ဝိုက်ကို လှည့်ပတ်ကာ သွားလာရှာဖွေမှုများ ဆက်တိုက်လုပ်ဆောင်နေခဲ့သည်ဟု သိရသည်။

စစ်ကောင်စီအနေဖြင့် သံတွဲဘက်တွင် PDF ကို အကြောင်းပြကာ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သူများကိုရှာဖွေနေခြင်းလည်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။

ယင်းအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ  အုပ်ချုပ်ရေးယန္တရားအများအပြားမှာ တပ်တော် လက်ထဲကျရောက်သွားပြီဖြစ်သဖြင့် စစ်ကောင်စီက တောင်ပိုင်း ဒေသများကို အုပ်ချုပ်ရေး လက်မလွတ်စေရေး လုပ်ဆောင်နေခြင်း ဖြစ်နိုင်သည်ဟုလည်း သုံးသပ်နေကြသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်၏ လှည့်လည်သွားလာမှုများ ရှိနေသည့်အတွက် တောတောင်ကို မှီခိုကာလုပ်ကိုင်စားသောက်နေရသည့် တောင်ယာသမားများနှင့် မျှစ်ခူး၊ ဟင်းရှာသည့်ဒေသခံများ တောထဲသို့ မဝင်ရဲဘဲ အလုပ်အကိုင်များကိုရပ်နားထားရသည်ဟု ဒေသခံများက ဆိုသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “တောထဲမှာ ပတ်ပြီးသွားနေတော့ ဟင်းရှာ၊ မျှစ်ခူးတဲ့လူတွေလည်း အခု တောထဲသွားလို့မရပါဘူး။ တောင်ယာသမားတွေ အလုပ်တွေကို ရပ်ထားကြရပါတယ်။ ဘယ်လောက်ကြာအုံးမယ်ဆိုတာလဲ မသိရပါဘူး” ဟု  ပြောသည်။

သံတွဲမြို့ပေါ်နှင့် မြို့အဝင်အထွက်ဂိတ်များတွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားများက စစ်ဆေးမှုများတင်းကျပ်လျက်ရှိပြီး ကားနှင့် ဆိုင်ကယ်များကိုလည်း ဖွင့်ကာ စစ်ဆေးသည်ဟု သိရသည်။

သံတွဲမြို့နယ်အပါအဝင် ရခိုင်ရှိ မြို့အချို့တွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်က အမျိုးသမီးအချို့အပါအဝင် လူမှုရေးလှုပ်ရှားသူအချို့နှင့် ဒေသခံအချို့သည် PDF နှင့်ဆက်စပ်ပြီး PDF အား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီ၏ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသည်ဟု သိရသည်။ (NN-7)

ဓာတ်ပုံ – ပုံဟောင်း

https://www.facebook.com/narinjara.info/posts/706904511476681

Leave a Reply

Your email address will not be published.