ဝန်ထမ်းများ၏ တရားမျှတမှုတောင်းဆိုချက်ကို ILO နှင့် LWF မှ လျစ်လျူရှုနေ

(LWF မှ ဝန်ထမ်းရေးရာကို မဖြေးရှင်ဘဲ ထပ်မံဝန်ထမ်းခေါ်ယူနေခြင်းကို ထုတ်ပယ်ခံရသူများက ကန့်ကွက်)

By Western News / 2023 September     21

ဓါတ်ပုံ- LWF Myanmar

နစ်နာကြေးမရသည့်အပြင် လူမဆန်စွာအလုပ်ထုတ်ပယ်ခံရသော ဝန်ထမ်း ၈၀ ၏ တောင်းဆိုချက်များကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO နှင့် လူသားချင်းစာနာကူညီရေးအဖွဲ့ LWF တို့ လျစ်လျူရှုနေကြောင်း သိရသည်။

လုပ်ခလစာအပြည့်အဝရရှိရေးအတွက် ဝန်ထမ်းများမှ တောင်းဆိုရာကနေ LWF မှ ရခိုင်ပြည်ရှိ စစ်တွေရုံးခွဲမှ နိုင်ငံ့ဝန်ထမ်း ၈၀ ဦးကို ယခုလ အစောပိုင်းက လူမဆန်စွာအလုပ်ထုတ်ပယ်ခဲ့ကြောင်း ထုတ်ပယ်ခံရသော ဝန်ထမ်းများက ပြောသည်။

ဝန်ထမ်းများအတွက် တရားမျှတမှုရရှိရေးနှင့် ထုတ်ပယ်ခံရသူများ၏ နစ်နာကြေးများကို ရရှိရန် ILO နှင့် LWF ရုံးချုပ်သို့ အကြိမ်ကြိမ် တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိ တုန့်ပြန်မှုမရှိကြောင်း ဝန်ထမ်းများက ဆိုသည်။

အမည်မဖော်လိုသည့် ဝန်ထမ်းအမျိုးသမီးတစ်ဦးက “ILO ၊ LWF က တာဝန်ရှိသူတွေကို စာပေးပို့ တောင်းဆိုနေတာ ၃ ကြိမ်ထက်မနည်းရှိပါပြီ။ အခုထိ တစ်စုံတစ်ရာ အကြောင်းပြန်တာ မရှိသေးဘူး။ ကျမတို့ ရသင့်ရထိုက်တဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ လုပ်ခတွေကို တောင်းဆိုနေတာပါ။ အခြားသော UNOCHA အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ဝင်ရောက်ဖြေရှင်းပေးကြဖို့ တောင်းဆိုပါတယ်”ဟု ပြောသည်။

ဝန်ထမ်းများ၏ လုပ်ခလစာများကို ဖြတ်တောက်ထားသည့်အပြင် နစ်နာကြေးတစ်စုံတစ်ရာ မပေးဘဲ LWF မှ တစ်ဖက်သက် ဝန်ထမ်းများကို ထုတ်ပယ်ခဲ့ကြောင်း ထုတ်ပယ်ခံခဲ့ရသည့် ဝန်ထမ်းများ ပြောဆိုသည်။

အလုပ်ထုတ်ပယ်ခံရသူများထဲတွင် ရခိုင်တိုင်းရင်းသား ၆၀ ရာခိုင်နှုန်းနှင့် မြန်မာပြည် အထက်ပိုင်း၊ အလယ်ပိုင်းဒေသက တိုင်းရင်းသား ၄၀ ရာခိုင်နှုန်းပါဝင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များလည်း အလုပ်ထုတ်ပယ်ခံခဲ့ရသည်။

LWF မှ လစာများကို ပုဂ္ဂလိကဘဏ်ပေါက်ဈေးဖြင့်မပေးဘဲ မြန်မာနိုင်ငံဟိုဘဏ်ပေါက်ဈေးဖြင့် ပေးချေခြင်းသည် ဝန်ထမ်းများအား ဖိနှိပ်ခြင်းနှင့် ကွာဟနေသော ငွေကြေးကို ခေါင်းပုံဖြတ်ခြင်းဖြစ်သည်ဟု အလုပ်ထုတ်ပယ်ခံရသည့် ဝန်ထမ်းတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ဝန်ထမ်းရေးရာပြဿနာကို မဖြေရှင်းဘဲ ထုတ်ပယ်ခံရသူများနေရာ၌ အစားထိုးခန့်အပ်နိုင်ရန် ဝန်ထမ်းသစ်များ ပြန်လည်ခေါ်ယူခြင်းနှင့် ထုတ်ပယ်ခံရသူများထဲမှအချို့ကို မတ်လုံးပေး ပြန်လည်ခေါ်ယူနေခြင်းကို ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပယ်ခံရသူများက ပြောသည်။

ရခိုင်အခြေစိုက် အခြားသော နိုင်ငံတကာအဖွဲ့အစည်းမှ နိုင်ငံ့ဝန်ထမ်းတစ်ဦးက LWF မှ တုန့်ပြန်ဖြေရှင်းဆောင်ရွက်မှု မရှိခြင်းသည် ဝန်ထမ်းများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောသည်။

“ဝန်ထမ်းတွေက အဖွဲ့အစည်းအပေါ်မှာ သစ္စာရှိရှိ လုပ်ကိုင်ပေးတာကို အဖွဲ့အစည်းဖက်ကလည်း စာနာပေးဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းတွေကို ဖိအားမပေးဘဲ စာနာနားလည်မှုနဲ့ ကူညီထောက်ပံ့ပေးသင့်ပါတယ်။ ဝန်ထမ်းတွေ ဒီလောက်တောင်းဆိုနေတာကို LWF က အသံတိတ်နှုတ်ဆိတ်နေတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပါတယ်။ UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း အသိုင်းအဝိုင်းတွေကလည်း ညှိနှိုင်းဆောင်ရွက်ပေးသင့်ပါတယ်” ဟု ပြောသည်။

LWF မှ ဝန်ထမ်းများ တိုက်ခိုက်နေသည်မှာ ၎င်းတို့အတွက်သာ မဟုတ်ဘဲ အခြားသော နိုင်ငံတကာအဖွဲ့အစည်းများရှိ ဝန်ထမ်းများအတွက်နှင့် အလုပ်သမားများ၏ ရပိုင်ခွင့်များကို အနစ်နာခံ တောင်းဆိုနေခြင်းဖြစ်၍ မြန်မာနိုင်ငံရှိ နိုင်ငံတကာအဖွဲ့အစည်းများမှ ဝန်ထမ်းများကလည်း ဝိုင်းရံသင့်သည်ဟု အဆိုပါ ဝန်ထမ်းက ထောက်ပြထားသည်။

ဝန်ထမ်း ၈၀ ဦးမှ တရားမျှတမှုရရှိရေး တောင်းဆိုချက်များနှင့် ပတ်သက်ပြီး LWF မြန်မာနှင့် ILO မြန်မာတို့အား Western News မှ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိပေ။

ဝန်ထမ်းများ တောင်းဆိုချက်မှာ – မြန်မာဝန်ထမ်းများကို ပုဂ္ဂလိကဘဏ်ငွေလဲနှုန်းဖြင့် လစာပေးရန်၊ ဝန်ထမ်းများအား လျော်ကြေးပေးရန်၊ အခြေခံလစာများကို တိုးမြှင့်ပေးရန်၊ ဘဏ်စာရင်းရှင်းတမ်းများအပါအဝင် ငွေကြေးလဲလှယ်မှုနှုန်းထားများအား ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် တာဝန်ခံမှုရှိရန်၊ ဝန်ထမ်းများအား အလုပ်ထုတ်ပယ်ခြင်းဖြင့် ခြိမ်းခြောက်မှုများကို ရပ်တန့်ရန်နှင့် ငွေပေးချေမှု သို့မဟုတ် ငွေလဲနှုန်းအရ နိုင်ငံတကာဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအကြား မတရားမှုဖြစ်ခြင်းမှ ရပ်တန့်ရန်တို့ ဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/748577723948323

Leave a Reply

Your email address will not be published.