လေယာဉ်လက်မှတ်စျေးနှုန်း အဆမတန်မြင့်တက်နေသော်လည်း ရခိုင်တွင် လေယာဉ်ဖြင့် ခရီးသွားလာသူများပြားနေ

By Narinjara / 2023 September     12

လေယာဉ်လက်မှတ်ခ ဈေးအဆမတန်မြင့် တက်နေသော်လည်း ရခိုင်တွင် လေယာဉ်ဖြင့် ခရီးသွားလာသူများပြားနေပြီး လေယာဉ်လက်မှတ်များကို ကြိုတင်ဝယ်ယူနေရကြောင်း သိရသည်။

ရခိုင်မှ ရန်ကုန်အပါအဝင် ပြည်မဘက်ရှိ မြို့များသို့ ကုန်းလမ်းဖြင့်ခရီးသွားလာရာ လမ်းတစ်လျှောက်တွင် စစ်တပ်စစ်ဆေးရေးဂိတ်များက အစစ်အဆေးများခြင်း၊ ခရီးကြန့်ကြာခြင်း များကြောင့် စျေးကြီးသော်လည်း အချိန်ကုန်သက်သာသော လေကြောင်းလိုင်းများဖြင့်သာ သွားလာသူ များပြားနေခြင်းဖြစ်သည်ဟု လေယာဉ်လက်မှတ် အရောင်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။

“ခရီးသွားတွေက များတယ်။ တစ်နေ့ တစ်နေ့ဖြတ်ရတဲ့ လက်မှတ်တွေက မနည်းဘူး။ အခုဆို လက်မှတ်ကြိုဖြတ်ထားမှ သွားချင်တဲ့နေ့ သွားလို့ရတယ်။ ဒီနေ့သွားမယ်ဟာ ဒီနေ့ဖြတ်ရင်တော့ မရနိုင်တဲ့အခြေအနေတွေရှိပါတယ်” ဟု ပြောသည်။

စစ်တပ်က အာဏာမသိမ်းခင်က ကျပ် ၈၀၀၀ သောင်းခန့် ဝန်းကျင်သာရှိခဲ့သော လေယာဉ် လက်မှတ်များသည် ယခုအချိန်တွင် နှစ်ဆခန့် မြင့်တက်သွားသည်ဟုလည်း ၎င်းက ပြောဆိုသည်။

စက်တင်ဘာလအတွင်း မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် စစ်တွေ – ရန်ကုန်သို့ လေယာဉ်လက်မှတ်ခမှာ ၁၇၅၀၀၀ ကျပ်၊ ရန်ကုန် – သံတွဲ ၁၂၇၀၀၀ ကျပ်၊ ရန်ကုန် – ကျောက်ဖြူ ၁၇၇၀၀၀ ကျပ်နှင့် ရန်ကုန် – အမ်း ၁၆၇၀၀၀ ကျပ်စသဖြင့် ဈေးနှုန်းရှိနေသည်။

Air KBZ လေကြောင်းလိုင်းဖြင့် စစ်တွေမှ ရန်ကုန်သို့ ၁၅၇၅၀၀ ကျပ်၊ သံတွဲမှ ရန်ကုန်သို့ ၁၃၅၅၀၀ ကျပ် စသဖြင့်ဈေးနှုန်းရှိကာ Myanmar Yadanarpon လေကြောင်းလိုင်းဖြင့် စစ်တွေမှ ရန်ကုန်သို့ ၁၄၄၀၀၀ ကျပ်ဈေးနှုန်းရှိနေသည်ဟု လေယာဉ်လက်မှတ် အရောင်းဆိုင်များမှတစ်ဆင့် သိရသည်။

စစ်တွေမြို့မှ အမည်မဖော်လိုသည့် လေယာဉ်လက်မှတ်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက “လေယာဉ်လက်မှတ်တွေက ဈေးအမျိုးမျိုးအစားစားရှိတာပေါ့နော်။ လေကြောင်းလိုင်းအလိုက် လက်မှတ်တွေကလည်း ဈေးနှုန်းကွာခြားမှုတွေရှိပါတယ်။ ဒီသုံးလ လေးလအတွင်းမှာ လက်မှတ်ခတွေက ဈေးတက်နေတယ်လို့ ပြောလို့ရတယ်။ အမြင့်ဆုံးက နှစ်သိန်းတစ်သောင်းအထိ ရှိတယ်။ အနိမ့်ဆုံးကတော့ တစ်သိန်းကျော်အထိရှိတယ်” ဟု ပြောသည်။

ထိုသို့လေယာဉ်လက်မှတ်ခဈေးမြင့်တက်နေသော်လည်း လေယာဉ်စီးခရီးသည်များ သွားလာမှု များပြားသည့်အတွက် ခရီးသည်များအနေဖြင့် ခရီးမသွားမီတစ်ပတ်ခန့်မှ ကြိုတင်ပြီး လက်မှတ် ဖြတ်ထားမှသာ လက်မှတ်ရနိုင်ခြေရှိသည်ဟုလည်း သိရသည်။

စစ်တွေမြို့မှ ခရီးသွားအမျိုးသမီးတစ်ဦးက “လက်မှတ်တွေက ကြိုဖြတ်ရတယ်။ အရင်ကဆိုရင်တော့ လက်မှတ်ခဈေးမမြင့်ဘူး။ သက်သာတယ်ပေါ့။ အခုက မသွားခင် နှစ်ရက်၊ သုံးရက်ကကြိုဖြတ်ရတယ်။ ဒီနေ့သွားမယ့်ဟာဖြတ်ရင် လေယာဉ်မှာ လူမပြည့်သေးဘူးဆိုရင်တော့ နေရာရတယ်။ ပြည့်ရင်တော့ မရဘူးပေါ့။ ဒါပေမဲ့ အခုက ခရီးသွားသူတွေများလို့ ကြိုဖြတ်မှရတယ်” ဟု ပြောသည်။

ရန်ကုန်နှင့် စစ်တွေအကြား လေယာဉ် တစ်နေ့ ငါးကြိမ်ခန့် ပျံသန်းနေသော်လည်း ပြည်ပသို့ အလုပ်အကိုင်လုပ်ကိုင်ရန်ထွက်ခွာသူများမှာ လေကြောင်းဖြင့် သွားလာမှု များပြားနေသဖြင့် စစ်တွေတွင် လေယာဉ်လက်မှတ်ကို ဝယ်ချင်သည့် အချိန်တွင် ဝယ်၍ မရဖြစ်နေကြောင်း  လေယာဉ်လက်မှတ်အရောင်းဌာနများမှ သိရသည်။

https://www.facebook.com/narinjara.info/posts/703264458507353

Leave a Reply

Your email address will not be published.