လူသားချင်းစာနာမှုအပစ်ရပ်ရှိနေ၍ ရခိုင်မှာ စစ်ကောင်စီနှင့် တိုက်ပွဲမဖြစ်သေးဟု AA ပြော

(ကချင်ပြည်မှာ မဟာမိတ်အဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်နေဟုဆို)

By Western News / 2023 September     30

လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု မပျက်ပြယ်သည့်အတွက် ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမည်မဟုတ်ကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုလိုက်သည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် ULA/AA တို့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲသဘောတူညီမှုဖြင့် ရခိုင်ပြည်အတွင်းက တိုက်ပွဲများကို ရပ်နားခဲ့ကြသည်။

ထိုသဘောတူညီချက်မှာ ယနေ့အချိန်အထိ ဆက်ရှိနေသေး၍ နှစ်ဖက် စစ်ရေးတင်းမာမှုက ရှိနိုင်မည်မဟုတ်ဟု ဦးခိုင်သုခက ဆိုသည်။

“ရခိုင်မှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးက ဆက်လက်ပြီး တည်တံ့နေတုန်းပဲ ရှိတယ်ဗျာ။ ဒါကြောင့်မို့လို့ ရခိုင်ပြည်ဘက်မှာတော့ တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့လို့ ရက္ခိုင့်တပ်တော်ရဲ့ ထူးခြားချက်က ယာယီဌာနချုပ်ရှိရာ လိုင်ဇာဘက်မှာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်တာတွေ ရှိပါတယ်”  ဟု ပြောသည်။

ရက္ခိုင့်တပ်တော် ULA/AA ၏ ယာယီဌာနချုပ်ရှိရာ လိုင်ဇာဒေသတွင် လိုအပ်ချက်အရ တပ်ဖြန့်ထားခြင်းများရှိပြီး တစ်ခါတစ်ရံမှာ စစ်ကောင်စီတပ်များက ထိုးစစ်ဆင်လာလျှင် တိုက်ပွဲများဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ယင်းအပြင် မဟာမိတ်တပ်ဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်မှုမှာ တစ်လကျော်ကြာမြင့်နေပြီဖြစ်ကြောင်း ဦးခိုင်သုခက ဆက်လက်ဆိုသည်။

“ကျနော်တို့ မဟာမိတ်တွေနဲ့ အတူတူရှိနေတဲ့ရာမှာ မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်လာလို့ရှိရင် တိုက်ပွဲဖြစ်ပွားတာရှိပါတယ်။ ဒီလပိုင်းမှာဆိုရင် လိုင်ဇာနဲ့နီးတဲ့ နမ်ဆန်ယန်ဒေသမှာ တိုက်ပွဲတွေ ကြိုကြားကြိုကြား ဖြစ်နေတာ တစ်လကျော်လောက်ရှိပြီ။ ထိခိုက်မှုတွေက နှစ်ဖက်စလုံးမှာရှိတာပေါ့နော်။ တိုက်ပွဲဖြစ်ပွားရင်တော့။ စစ်ကောင်စီဘက်က ပိုအထိနာပါတယ်” ဟု ပြောသည်။

ယမန်နေ့ စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က လိုင်ဇာရှိ ရက္ခိုင့်တပ်တော် တပ်စခန်းတစ်ခုအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် AA မှ ဗိုလ်ကြီးအဆင့်ရှိသူ အရာရှိတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့လည်းရှိခဲ့သည်။

အဆိုပါ အနီးတစ်ဝိုက်တွင် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဖက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်တပ်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးရှိ ဗိုလ်လောင်း သင်တန်းကျောင်းတစ်ခုကို မြန်မာစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ရပြီး ယင်းသေဆုံးမှုတွင် ရက္ခိုင့်တပ်တော် AA မှ ဗိုလ်လောင်း ၈ ဦး ပါဝင်ခဲ့သည်။

အလားတူ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေတပ်မဟာ (၅) ၌ ရက္ခိုင့်တပ်တော် AA ၏ တပ်စခန်းကို စစ်ကောင်စီမှ တိုက်လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

https://www.facebook.com/westernnewsagency/posts/754455446693884

Leave a Reply

Your email address will not be published.