By Border News Agency / 2023 September 25

ရခိုင်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ပထမအပတ်က ရေလျှံမှုနှင့် နောက်ဆက်တွဲ မိုးခေါင်ခဲ့တာကြောင့် ဒီနှစ်မှာလည်း စပါးအထွက်နှုန်းကျဆင်းနိုင်တယ်လို့ လယ်သမားတချို့က ပြောပါတယ်။
ဩဂုတ်လက ဖြစ်ပွါးခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ရခိုင်ပြည်က စပါးခင်းဧက ၁၉၀ ခန့်မှာ လုံးဝပျက်စီးသွားခဲ့တယ်လို့ ULA/AAက ထုတ်ဖော်ပြောဆိုထားပါတယ်။
“အဲဒီအချိန်က စပါးပင်တွေ အားကောင်းနေတဲ့အချိန်ပါ။ အဲဒီမှာရေနစ်မြုပ်သွားပြီး ပင်ရိုးသဘောလောက်သာကျန်ခဲ့တဲ့စပါးခင်းတွေအများကြီးရှိခဲ့တယ်။ ပြန်ရှင်လာပေမယ့် အားကောင်းရမယ့်အချိန်မှာ အားပြတ်သွားတဲ့အတွက် သီးအားကျဆင်းနိုင်တယ်။”လို့ ပုဏ္ဏားကျွန်းမြို့နယ် ပဲဇိနန်းကျေးရွာမှ လယ်သမားတစ်ဦးကပြောပါတယ်။
အဲဒီလို အားပြတ်နေတဲ့ စပါးပင်တွေအတွက် ဓာတ်မြေဩဇာထည့်ဖို့ကလည်း လက်ရှိမှာ ဓာတ်မြေသြဇာစျေး လုံးဝကျဆင်းမှုမရှိခဲ့တာကြောင့်တကယ်လိုတဲ့အချိန်မှာ ဓာတ်မြေသဩဇာအသုံးမပြုနိုင်ကြတာတွေရှိနေတယ်လို့ ဆိုပါတယ်။
“ထွေအုပ်ကတော့ တစ်ခါထောက်ပံ့လာပါတယ်။ မြေဆီကသဲမှုန့်လိုပဲ။ အော်ဂဲလ်နစ်မြေဆီလို့တော့ရေးထားတယ်။ ကျနော်တို့အသုံးမပြုရဲဘူး။ သုံးနေကျမြေသြဇာမဟုတ်တော့။ မတော်လို့တခုခုဖြစ်သွားရင် ၂ခါ ဆုံးရှုံးမှာဖြစ်တယ်။ ဒါကြောင့် သီးနှံထွက်နှုန်းတွေ ကျဆင်းနိုင်ခြေရှိတယ်။”လို့ အဆိုပါ လယ်သမားက ပြောပါတယ်။
ဒါ့အပြင် ရခိုင်မှာ မိုးတွင်းကာလမိုးခေါင်ခဲ့တဲ့အတွက် ကုန်းမြင့်ဒေသက လယ်သမားတွေမှာ စပါးခင်းတွေ ရေခြမ်းခြောက်ပြီး မြေအက်ကွဲမှုတွေနဲ့မကြာမကြာကြုံနေကြရပြီး စပါးပင်တွေ မကြီးထွားဘဲ တဖြည်းဖြည်းဝါဖျော့ဖျော့ဖြစ်ကာ အပင်တွေ သေးငယ်လာတယ်လို့ ပြောပါတယ်။
အဲဒီလို စပါးပင်တွေ အဝါရောင်သမ်းပြီး သေးငယ်လာတာတွေကြောင့် ဖူးလာတဲ့စပါးဖူးတွေမှာ အသီးဖျင်းတွေများလာနိုင်တယ်လို့ ဆိုပါတယ်။
” နေဆက်တိုက် ၃ရက်လောက်ပူတာနဲ့ ရေခမ်းခမ်းနေတာ။ဒီလိုဖြစ်နေတာမကြာခနတွေပဲ။ ဒီလို စပါးခင်းတွေရေပြတ် မြေအက်ကွဲမှုတွေက ဘယ်မြို့မှာမဆို ကုန်းမြင့်ဒေသတွေမှာဖြစ်နေကြမှာပါ။”လို့ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒီလို စပါးပင်တွေ ရေပြတ်မှုတွေ ၊ လယ်ကွင်းအက်ကွဲမှုတွေဖြစ်နေတဲ့ စပါးခင်းတွေမှာ ပုဏ္ဏားကျွန်းမြို့နယ်တစ်မြို့နယ်တည်းမှာပင် ဧက လေးရာနီးပါလောက်ရှိ နိုင်တယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် သီးနှံထွက်နှုန်းကျဆင်းခဲ့ရင် စပါးစျေးပိုပြီးတက်လာနိုင်ကြောင်း လယ်သမားတွေက ဆိုကြပါတယ်။
“အရင် ၂၀၂၂ခုနှစ်ကလည်း စပါးခင်းတွေပိုးကျမှုတွေရှိခဲ့တာကြောင့် သီးနှံထွက်နှုန်းကျဆင်းခဲ့မှုနဲ့ကြုံခဲ့ရတယ်။ ဒါ့ကြောင်း စပါးစျေးတွေ တဟုန်ထိုးတက်နေတာဖြစ်မယ်လို့ထင်တယ်။ ဒီနှစ်မှာလည်း စပါးသီးနှံထွက်နှုန်းကျဆင်းသွားရင်စပါးစျေးကဆိုးဆိုးဝါးဝါးတွေ တက်လာနိုင်ပါတယ်။ “လို့ အဆိုပါအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
https://www.facebook.com/bordernewsagency/posts/333349815879856