ရသေ့တောင်သို့ ဆန်သယ်ယူခွင့် စစ်ကောင်စီ ပိတ်ပင်ထားဆဲ

By Western News / 2023 September     6

ရခိုင်ပြည် ရသေ့တောင်မြို့နယ်သို့ ဆန်သယ်ယူခွင့်ကို စစ်ကောင်စီဖက်မှ ပိတ်ပင်ထားဆဲဖြစ်ကြောင်း ရသေ့တောင် ဒေသသို့ ကူးသန်းရောင်းဝယ်ရေးလုပ်ဆောင်နေသူများကပြောသည်။

စစ်ကောင်စီဖက်မှ ယခုကဲ့သို့ ဆန်သယ်ယူခွင့်ပိတ်ပင်မှုမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲပြင်းထန်စဉ် ကာလကစ၍ ဖြစ်ပြီး လက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ထားစဉ် ကာလတွင်လည်း အဆိုပါပိတ်ဆို့မှုကို စစ်ကောင်စီဖက်မှ ဆက်လက်လုပ်ဆောင်ထားဆဲဖြစ်သည်။

လက်ရှိ ရသေ့တောင်ဖက်သို့ သွားလာနေသည့် စက်လှေများမှာ စစ်ဆေးရေးဂိတ် ၃ဂိတ်ကို ကျော်ဖြတ်ရပြီး လက်ရှိအချိန်အထိ ဆန်သယ်ခွင့် မရရှိသေးကြောင်း ရသေ့တောင် ရေလမ်းကြောင်းအခြေအနေ များနှင့် ပတ်သက်၍ ဘုတ်သမားများက ပြောသည်။

“လမ်းကြောင်းတစ်လျှောက်မှာ စစ်ကောင်စီဖက်က စစ်ရေယာဉ်တွေနဲ့ စစ်ဆေးမှုတွေရှိဆဲပဲ။ စစ်တွေကထွက်ရင် ပထမ ဆပ်ရိုးကျတံတားနားမှာ စစ်တယ်၊ ရွှေမင်းဂံမှာစစ်တယ်၊ ပြီးတော့အမြင့်ကျွန်းမှာ စစ်တယ်။ ဆန်ဆိုရင် လုံးဝသယ်ခွင့်မရဘူး” ဟုပြောသည်။

ရသေ့တောင်ဖက်သို့ စစ်ကောင်စီမှ ကန့်သတ်ထားသည့် ကုန်စည်သယ်ယူခွင့်ထဲတွင် ဆန်အပါအဝင် ဆောက်လုပ်ရေးပစ္စည်းနှင့် ဆေးဝါးများလည်းပါဝင်သော်လည်း ဆန်မှလွဲ၍ တစ်ခြားပစ္စည်းများကို နယ်လုံ၏ ခွင့်ပြုချက်ဖြင့်သယ်ယူခွင့် ရသည်ဟု ကုန်သည်များကဆိုသည်။

ဆန်ကိုမူ ရသေ့တောင်မှ တစ်ခြားမြို့နယ်များသို့ သယ်ယူခွင့်မပြုသလို တစ်ခြားမြို့နယ်များမှလည်း ရသေ့တောင်သို့ သယ်ခွင့်မရဟု ရသေ့တောင်ဒေသခံတစ်ဦးကပြောသည်။

“လက်ရှိ ဆန်စျေးကတော့ ပေါ်ဆန်းမွှေးတစ်အိတ်ကို ၁၂၀၀၀၀ ကျပ်လောက်စျေးရှိနေတယ်။ ဆန်ကတော့ သယ်ခွင့်မရဘူး။ ရသေ့တောင်ကနေတစ်ခြားမြို့နယ်တွေကို လည်းမရဘူး။ တစ်ခြားမြို့နယ် တွေကနေ ရသေ့တောင်ကို ဆန်သယ်မယ်ဆိုလည်းမရဘူး အဲ့လိုမျိုးဖြစ်နေဆဲပဲ” ဟုပြောသည်။

ရသေ့တောင်မြို့နယ်မှာ ကုန်လမ်းကြောင်းသွားလာခွင့်ကို ၁၀ လခန့်အကြာ ကန့်သတ်ခံရမှုရှိခဲ့ပြီးနောက် လက်ရှိမိုးတွင်းကာလ လမ်းပျက်စီးနေမှုအခြနေကြောင့်လည်း ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမှာ  သွားလာခွင့်မရဘဲရှိနေပြီး ရသေ့တောင်ဒေသခံများအနေဖြင့် ရေကြောင်းကိုသာအဓိကအသုံးပြုနေကြရဆဲ ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသလို စစ်ကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပေ။

ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားစဉ်အတွင်းက စစ်ကောင်စီဖက်မှ ရခိုင်ပြည်တွင်းရှိ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများကို အသီးသီးပိတ်ဆို့ခြင်း၊ ဆေးဝါးနှင့် ကုန်သယ်ယူခွင့်ကန့်သတ်ခြင်းတို့ကို အသီးသီးလုပ်ဆောင်ခဲ့သည်။

ပြီးနောက် ပြီးခဲ့သည် နိုဝင်ဘာ ၂၆ ရက်လူသားချင်းစာနာမှုဆိုင်ရာအပစ်ခတ်ရပ်ပြီးနောက်ပိုင်း သွားလာရေးလမ်းကြောင်းများနှင့် ကုန်သယ်ယူခွင့် အချို့ကို စစ်ကောင်စီဖက်မှ ဖြေလျော့ပေးခဲ့သော်လည်း ရသေ့တောင်အပါအဝင် တစ်ချို့ဒေသများကို ဆက်လက် ကန့် သတ်မှုတို့ပြုလုပ်ထားဆဲဖြစ်သည်။

စစ်ကောင်စီဖက်မှ ရက္ခိုင့်တပ်တော်နှင့် လူသားချင်းစာနာမှုဆိုင်ရာအပစ်ရပ်မှုသည် ထိရောက်မှုမရှိကြောင်းနှင့် ပြည်သူများအတွက် အပစ်ခတ်ရပ်သည်ဆိုပါက ပြည်သူများကိုငဲ့ညှာရန် လိုအပ်ကြောင်း နိုင်ငံရေး လေ့လာသူများက ပြောဆိုထားသည်။

https://www.facebook.com/westernnewsagency/posts/739999404806155

Leave a Reply

Your email address will not be published.