ရသေ့တောင်က ဆရာမ အသတ်ခံရမှုတွင် ထွက်ပြေးသွားသည့် သံသယရှိသူကို ပြန်ဖမ်းမိ

By DMG / 2023 September        26

ရခိုင်ပြည်၊ ရသေ့တောင်မြိုနယ် ပန်းဖော်ပြင်ကျေးရွာအနီး ဆရာမတစ်ဦး အသတ်ခံရသည့်အမှုတွင် ထွက်ပြေးသွားခဲ့သည့် သံသယရှိသူ ဦးမောင်‌မောင်အေးကို ယနေ့ (စက်တင်ဘာ ၂၆ ရက်) နေ့လည်ပိုင်းက ပြန်လည်ဖမ်းမိခဲ့ကြောင်း သိရသည်။

“ဦးမောင်မောင်အေးကို ဒီနေ့ အေအေတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးရမိတာပါ။ ဒါပေမဲ့ သူ့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားလည်းဆိုတာ မသိရဘူး” ဟု ULA/AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆရာမ အသတ်ခံရသည့်အမှုကို ULA/AA က စစ်ဆေးလျက်ရှိရာ အဓိက သံသယရှိသူ နှစ်ဦးထဲမှ မောင်မောင်အေး ဆိုသူမှာ စက်တင်ဘာ ၁၉ ရက် ည ၉ နာရီခန့်တွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ထိုသို့ ထွက်ပြေးလွတ်မြောက်သွားသူ ဦးမောင်မောင်အေးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ဦးခိုင်သုခကလည်း ယနေ့ အသိပေးပြောဆိုထားသည်။

“အခုလို ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ တာဝန်သိဒေသခံ အာရက္ခပြည်သူတွေကို အထူးပင်ကျေးဇူးတင်ရှိပါတယ်” ဟု ၎င်းကပြောသည်။

ပေါက်တောကျေးရွာမှ အသက် ၃၇ နှစ်အရွယ် ဆရာမ ဒေါ်နှင်းယုနွယ်သည် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ၎င်းနေထိုင်ရာကျေးရွာမှ တာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားစဉ် လမ်းခုလတ်တွင် လည်လှီး အသတ်ခံခဲ့ရသည်။

ယင်းအမှုတွင် အနီးပတ်ဝန်းကျင်မှ သံသယရှိသူ ၆ ဦးထက်မနည်းကို ULA/AA တပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးနေစဉ် ဆရာမနှင့် တရွာတည်းနေသည့် မောင်မောင်အေး ဆိုသူမှာ ထွက်ပြေးသွားသဖြင့် လိုက်လံရှာဖွေစဉ် ယနေ့နံနက်ပိုင်းက ၎င်း၏ဆွေမျိုးနေအိမ်တွင် ပြန်လည် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသတ်ခံခဲ့ရသည့် ဆရာမ၏ မိသားစုဝင်များက ကျူးလွန်သူ အစစ်အမှန်ကို အထောက်အထားများနှင့် အမြန်ဆုံးဖော်ထုတ်ပေးရန် တောင်းဆိုထားကြသည်။

https://www.facebook.com/dmgnewsagency/posts/704391995067733

Leave a Reply

Your email address will not be published.