ရမ်းဗြဲတွင် ကမ်းပြို၍ နေအိမ် ၆ ဆောင်ပါသွား၊ နောက်ထပ် ၉ အိမ်မှာ စိုးရိမ်နေရ

(ရခိုင်မှာ ကမ်းပြိုနေခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ကာကွယ်ပေးရန် လိုဟုဆို)

By Western News / 2023 September     11

ပုံစာ- ရမ်းဗြဲမြို့နယ် တောဖျားအုပ်စု သင်းပန်းချိန်ကျေးရွာမှ ပြိုကျသွားသည့် နေအိမ်များ

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ် တောကြားအုပ်စု သင်းပန်းချိန် ကျေးရွာမှာ တောင်ကျရေကြောင့် ကမ်းပြိုသွားပြီး နေအိမ် ၆ အိမ် ရေထဲပါသွားကြောင်း နောက်ထပ် ၉ အိမ်မှာလည်း စိုးရိမ်ရသည့်အခြေအနေရှိသည်ဟု စုံစမ်းသိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ တောင်ရေများပြီး ရေစီးပြင်းသောကြောင့် စက်တင်ဘာလ ၁ ရက်နေ့က ကမ်းပြိုရာမှာ ပါဝင်သွားခြင်းဖြစ်ကြောင်းနှင့် နေအိမ်များပါသွားသည့် မိသားစုဝင်များမှာ အကူအညီများ လိုအပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ရမ်းဗြဲဒေသခံ ကိုအောင်မင်းဆွေက “အဲဒီ တောဖျားအုပ်စုမှာ တောင်တန်းတွေ အကြီးကြီးပဲ အများကြီးရှိတယ်။ မိုးက အရမ်းကြီးတာ။ ရေကလည်းများ၊ ရေစီးကလည်းပြင်းတော့ နေအိမ်တွေ ပါသွားတာပေါ့။ ကျေးရွာကလည်း နဂါးချောင်းနဲ့ ကပ်လျှပ်ဆိုတော့ အိမ် ၆ ဆောင်က ကမ်းပြိုတဲ့အထဲမှာ ပါသွားတာပါ။ နောက်ထပ် နေအိမ် ၉ ဆောင်မှာလည်း စိုးရိမ်နေရပါတယ်။ ကမ်းပြိုတဲ့အထဲ ပါသွားတဲ့ မိသားစုတွေက အခုလောလောဆယ် ဆွေးမျိုးနေအိမ်တွေမှာ ကပ်နေရပါတယ် ” ဟု ပြောသည်။

ကမ်းပြိုသွားသည့်နေအိမ်များမှ မိသားစုများမှာ လက်ရှိအချိန်အထိ နေအိမ်များ ပြန်မဆောက်နိုင်သေးသလို အသုံးအဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ အရေးတကြီးလိုအပ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ကမ်းပြိုရာမှာပါသွားသည့် မိသားစုတစ်ခုက “ကျမတို့မှာ နေစရာအိမ်လည်းမရှိတော့ဘူး။ မရှိမဲ့ရှိမဲ့ စုဆောင်ပြီး ဆောက်ထားတဲ့ နေအိမ်ပါ။ အခု သူများအိမ်မှာ ကပ်နေရပါတယ်။ အလုပ်အကိုင်က အဆင်မပြေတော့ မြေနေရာတွေ မဝယ်နိုင်သေးဘူး။ အရမ်းဒုက္ခရောက်နေရပါတယ်။ ကျမတို့ကို ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ် ” ဟု ပြောသည်။

အလားတူ တောင်ကုတ်မြို့ ဂူတာပြင်ရပ်ကွက်မှာလည်း ပြီးခဲ့သည့်လက မိုးသည်ထန်းစွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုတို့ကြောင့် နေအိမ်များ ကမ်းပြိုရာတွင်ပါသွားကြောင်း သိရသည်။

ယင်းအပြင် နှစ်စဉ်နှစ်တိုင်း ကမ်းပြိုနေသည့် မင်းပြားမြို့နယ်နှင့် မြောက်မြို့နယ်ရှိ လေးမြို့မြစ်ကမ်းပြိုမှုကြောင့် နေအိမ်များ အမြောက်အများ ဆုံးရှုံးနေရပြီး သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် တစ်စုံဆောင်ရွက်မှု မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လအတွင်းက ရေကြီးရေလျှံမှုများကြောင့် မင်းပြားမြို့အပါအဝင် ကျေးရွာအချို့နှင့် မြောက်ဦးမြို့နယ်က ကျေးရွာအချို့တို့တွင် နေအိမ် ၃၀ ခန့်နီးပါး ဆုံးရှုံးသွားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

မင်းပြားမြို့နယ် ပန်းမြောက်ဒေသခံတစ်ဦးက “ကျနော်တို့ ပန်းမြောင်းမှာဆိုရင်လည်း နှစ်စဉ်လို ကမ်းပြိုနေတာဟာ အစဉ်အလာတစ်ခုလို ဖြစ်နေပြီ။ မိုးရာသီရောက်ပြီဆိုရင် မြစ်ကမ်းနားမှာရှိတဲ့ နေအိမ်တွေက ရွာအလယ်ထဲသို့ ရွှေ့ပြောင်းနေရတယ်။ မင်းပြားမြို့ဆိုရင်လဲ အဲဒီလိုပဲ။ ကမ်းပြိုနေတာဟာ အစဉ်အလာဖြစ်နေပြီ။ ဒါကို အချိန်မီတားဆီးကြဖို့ လိုပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တောင်းဆိုပါတယ်။ ကမ်းပြိုမှုကို အချိန်မီ စနစ်တကျ မကာကွယ်ဘူးဆိုရင် ကျနော်တို့ ပန်းမြောင်းအပါအဝင် မင်းပြားမြို့လည်း နောက် နှစ် ၂၀ လောက်မှာ မြို့လို့ ပြမယ့် နေရာရှိတော့မှာ မဟုတ်ဘူး။ အကုန်လုံး ရေပြင်ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ကူညီပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း မြို့နယ်အချို့က ကျေးရွာများတွင် အထူးသဖြင့် ကျောက်တော်၊ မင်းပြား၊ တောင်ကုတ်၊ မြောက်ဦးနှင့် ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာတို့တွင် မိုးရာသီရောက်လျှင် ရေကြီးရေလျှံမှုနှင့် ရေစီးပြင်းခြင်းတို့ကြောင့် ကမ်းပြိုခြင်းများရှိနေ၍ နေအိမ် မြောက်များစွာ နှစ်စဉ် ဆုံးရှုံးနေရသည့်အတွက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် ULA/AA တို့က တာဝန်ယူ ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း ပြောဆိုကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/742882537851175

Leave a Reply

Your email address will not be published.